စစ်မှုထမ်းတာဝန်ပြီးဆုံးသူများကို ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ အလုပ်လုပ်ကိုင်ရန် စေလွှတ်နိုင်ရေး ဆောင်ရွက်နေ

ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီးသူ ၁၀ ဦးကို ထိုင်းနှင့် မလေးရှားနိုင်ငံတို့ရှိ ကုန်ထုတ်လုပ်ငန်းများတွင် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်မှုထမ်းတာဝန်ပြီးဆုံးသူများအနက် ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသို့ ငါးဦးနှင့် မလေးရှားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသို့ ငါးဦးတို့ကို အမြန်ဆုံးစေလွှတ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူတစ်ဦးကိုလည်း Golden Plant Services Co., Ltd. ၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၇ ရက်က မလေးရှားနိုင်ငံသို့ စတင်စေလွှတ်ပေးနိုင်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးဆုံးသူများ၏ ဆန္ဒအရ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ဝန်ဆောင်ခသက်သာစေရန်နှင့် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် သွားရောက်နိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
ယင်းအတွက် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လိုင်စင်ရပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများကို ချိတ်ဆက်၍ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ စာရင်းပြုစုခြင်း၊ အရည်အချင်းစိစစ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်းပို့ချခြင်းနှင့် ပြည်ပသို့ စေလွှတ်ခြင်းလုပ်ငန်းစဉ်များကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယခုကဲ့သို့ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းသည် စစ်မှုထမ်းတာဝန်ပြီးဆုံးသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

image