ဗီလာရီးယဲလ်နဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ ဗင်နီစီယပ်စ် El Clasico ပွဲကို လွဲချော်ဖွယ်ရှိ
ဗီလာရီးယဲလ်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် El Clasicoပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ဘရာဇီးလ်ကစားသမား ဗင်နီစီယပ်စ်ဟာ ရီးယဲလ် ၁-၀ ဗီလာရီးယဲလ်ပွဲမှာ ပြိုင်ဘက်ကွင်းလယ်ကစားသမား ဆာလီဘာရဲ့ဆံပင်ကို ဆွဲခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။
ဗင်နီစီယပ်စ်က ဂိုးသွင်းဖို့ ကြိုးပမ်းရာမှာ ဆာလီဘာရဲ့ဆံပင်ကို ဆွဲခဲ့တာဖြစ်ပြီး VAR ပြန်လည်ကြည့်ရှုြ့ပီးနောက် ကွင်းလယ်ဒိုင် ဒီယက်ဇ်က အနီကတ်ပြခဲ့ခြင်းဖြစ်ပါတယ်။
ဒီလုပ်ရပ်အတွက် ဗင်နီစီယပ်စ်က တောင်းပန်စကားပြောကြားခဲ့ပေမဲ့ ဒိုင်လူကြီးရဲ့ အစီရင်ခံစာအပေါ်မူတည်ပြီး နှစ်ပွဲပယ်ကနေ သုံးပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံံရဖွယ်ရှိနေတာကြောင့် El Clasico ပွဲကို လွဲချော်ဖွယ်ရှိနေတာပါ။
ရီးယဲလ်အသင်းက လာမယ့်တစ်ပတ် လာလီဂါပွဲစဉ်မှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အောက်တိုဘာ(၂၅)မှာ ဘာစီလိုနာနဲ့ El Clasico ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။
ဗင်နီစီယပ်စ်ဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် နည်းပြ မော်ရင်ဟိုက ဗီလာရီးယဲလ်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။