သဘာဝဘေးတုံ့ပြန်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၃,၆၂၇ ဦး ဖွဲ့စည်းလေ့ကျင့်ထား
နိုင်ငံတကာအဆင့် USAR Medium Team ဖွဲ့စည်း၍ INSARAG Classified ရရှိရေး ဆောင်ရွက်နေ
နေပြည်တော်၊ အောက်တိုဘာ ၆
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်ရန် တပ်ခွဲ ၁၇ ခွဲနှင့် တပ်စု ၃၃၃ စုတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃,၆၂၇ ဦးကို အသင့်စုဖွဲ့ လေ့ကျင့်ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးကျော်ဝင်းဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်)၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၆ ဦးစီ ပါဝင်သည့် တပ်ခွဲ ၁၇ ခွဲ ဖွဲ့စည်းထားပြီး မြို့နယ်နှင့် မြို့တစ်ခုလျှင် တပ်ဖွဲ့ဝင် ၃၅ ဦးစီပါဝင်သည့် တပ်စု ၃၃၃ စုကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့များအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးကို ရွေးချယ်၍ ပြင်သစ်နှင့် စင်ကာပူနိုင်ငံတို့မှ မြို့ပြရှာဖွေကယ်ဆယ်ရေးနည်းပြများဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် လေ့ကျင့်သင်ကြားပေးခဲ့သည်။
ထို့ပြင် ဌာနတွင်းဖွင့်လှစ်သည့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များကို စိစစ်ရွေးချယ်၍ မြို့ပြရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့အဖြစ် ဖွဲ့စည်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသတွင်းအဆင့်မှ နိုင်ငံတကာအဆင့်အထိ ပါဝင်ဆောင်ရွက်နိုင်ရန် International Search and Rescue Advisory Group (INSARAG) ၏ သတ်မှတ်ချက်များနှင့်အညီ Urban Search and Rescue (USAR) Medium Team ဖွဲ့စည်း၍ နိုင်ငံတကာအသိအမှတ်ပြုအဆင့် ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
လိုအပ်သည့် သင်တန်းများတက်ရောက်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ပြီးစီးပါက INSARAG မှ စစ်ဆေးအကဲဖြတ်သူများကို ဖိတ်ကြား၍ ၃၆ နာရီကြာ သဏ္ဌာန်တူဖြစ်စဉ်ဖြင့် လေ့ကျင့်သရုပ်ပြကာ INSARAG Classified ရရှိရေး စစ်ဆေးခံသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းဦးက ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံတွင် အလားတူငလျင်ကြီးများ ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အဖွဲ့များဖွဲ့စည်းထားရှိမှုနှင့် နိုင်ငံတကာအဆင့်မီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။