မြောက်ဒဂုံမှာ အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီးခံရပြီး ဆိုင်ရှင်အသတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာလမ်းမပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်တဆိုင်မှာ အနုကြမ်းစီးခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသားအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဆိုင်ပိုင်ရှင်အမျိုးသားဟာ အိမ်မှာတယောက်တည်းရှိနေစဥ် အမျိုးသား သုံးယောက်ရောက်လာပြီး အနုကြမ်းစီး ရိုက်နှက် ၊ ဓားနဲ့ခုတ်သတ်ခဲ့တာလို့ သိရပါတယ်။

မြေပြင် ကူညီရေးဆောင်ရွက်ခဲ့တဲ့ ဝန်းရံမှူးလူမှုကူညီအေသင်းဝင်က " အိမ်ဆောက်ပစ္စည်းဆိုင်နဲ့အိမ်ကတွဲဖွင့်ထားတာ ။ အိမ်ရှေ့မှာက ဆိုင်ဖွင့်တယ်။ ဆိုင်ရှင်အမျိုးသားကို အိမ်ထဲက မီးဖိုခန်းထဲမှာ ဓားနဲ့ခုတ်သွားတာ ။ သူ့အမျိုးသမီးက အပြင်သွားပြီး ပြန်လာတော့ ဆိုင်ရှေ့မှာ အနုကြမ်းစီးတဲ့အထဲက အမျိုးသားတယောက်က စောင့်နေတာတွေ့တယ်။ အဲဒါနဲ့ သိလို့လား ဘယ်သူလဲမေးပြီး အိမ်ထဲဝင်တော့ နောက်ထပ်နှစ်ယောက်ကိုထပ်တွေ့တာလို့ပြောတယ်။ အဲဒီမှာ သူကိုပါချုပ်ထားပြီး ငွေတွေဘာတွေတောင်းတယ်ပြောတယ်။ အနုကြမ်းစီးတဲ့သုံးယောက်ကတော့ ထွက်ပြေးသွားတယ်။ " လို့ ပြောပါတယ်။

ဆိုင်ရှင်အမျိုးသားမှာ ဘယ်ဘက် လည်ပင်း သွေးလွှတ်ကြော ဓားခုတ်ဒဏ်ရာ ၊ဘယ်ဘက် ပါးစောင် နဲ့ ဂုတ် ၊ကျောပြင်တွေမှာ ဓားခုတ်ဒဏ်ရာတွေ ၊ ဘယ်ဘက် လက်ချောင်း နဲ့ ညာဘက် လက်မောင်းမှာပါ ဓားခုတ်ဒဏ်ရာတွေ့ရှိရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အနုကြမ်းစီး လူသတ်သွားတဲ့ ကျူးလွန်သူ သုံးယောက်ကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဩဂုတ် ၂၈ ရက်ကလည်း မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းက ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေ ပါသွားခဲ့ပေမယ့် ကျူးလွန်သူ ခြောက်ယောက်ကို ရွှေတွေ နဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်ကလည်း ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်ကို နေအိမ်ထဲအထိ ဝင်ရောက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး တရားခံတွေကိုတော့ စက်တင်ဘာ ၂၈ ရက်က သတ်ခဲ့တဲ့ ထောင်ဒဏ် ၁၀ နှစ်အပြင် မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ - CJ

image