ပူတာအိုမြို့မဈေးကို မြို့ကျက်သရေဆောင်ဈေးအဖြစ် အဆင့်မြှင့်တင်မည်

ကချင်ပြည်နယ် ပူတာအိုမြို့မဈေးကို မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ကျက်သရေဆောင်ဈေးအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ပြီး ဈေးသူ၊ ဈေးသားများ၏ အများဆန္ဒသဘောထားနှင့်အညီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ဈေးကော်မတီဝင်များ၊ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့မဈေးကို အဆင့်မြှင့်တင်ပြီးစီးပါက ဈေးသူ၊ ဈေးသားများအနေဖြင့် အဆင့်မြင့်၍ လုံခြုံသန့်ရှင်းသည့် ဈေးအတွင်း ရောင်းဝယ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးကုန်ကျစရိတ် သက်သာစေရန်လည်း တွက်ချက်စီစဉ်ထားကြောင်း ဝန်ကြီးက ပြောကြားသည်။

ဈေးအဆင့်မြှင့်တင်ရေးလုပ်ငန်းကို အများဆန္ဒသဘောထားနှင့်အညီ ဆောင်ရွက်မည်ဖြစ်သဖြင့် ဈေးသူ၊ ဈေးသားများအနေဖြင့် သိရှိလိုသည့်အချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန်လည်း တိုက်တွန်းခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ခိုင်က မြို့မဈေး အဆင့်မြှင့်တင်တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဈေးကော်မတီဝင်များနှင့် ဈေးသူ၊ ဈေးသားများက အဆင့်မြှင့်တင်တည်ဆောက်ရေးအတွက် တစ်ဦးချင်း သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

image