တနင်္သာရီတိုင်းရေဘေးသင့်ခဲ့သူများအနက် လူဦးရေ (၆,၀၀၀)ခန့် ၎င်းတို့၏နေအိမ်များသို့ပြန်လည်နေထိုင်
တနင်္သာရီတိုင်း၌ စက်တင်ဘာ ၂၆ ရက်မှစတင်ကာ မုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် လူဦးရေ(၂၃,၈၇၄)ဦးရေ ဘေးသင့်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းသွားကာ တင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ နုန်းများ၊ ရွှံ့နွံများကိုဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ခဲ့သူများအနက် (၅,၈၇၄)ဦးမှာ ၎င်းတို့၏နေအိမ်များသို့ပြန်လည်ရွှေ့ ပြောင်းနေထိုင်ခဲ့ကြကြောင်း သိရသည်။
တနင်္သာရီတိုင်း၌ဖြစ်ပွားခဲ့သည့် မုန်တိုင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် တောင်ပြိုကျမှုလည်းဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်တွင် တောင်ပြိုကျခဲ့သည့် နေရာ(၄)ခုအား ဖယ် ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ (၈၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်များတွင် သေဆုံးသူ(၁၅)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၁၀)ဦးရှိခဲ့ပြီး လမ်းပိုင်းအချို့ရှိ လျှပ်စစ် ဓာတ်အားပေးတိုင်(၅၁)တိုင်ပျက်စီးခဲ့ရာ (၂၄)တိုင်ကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။