လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်တွင် VIP နားနေဆောင်၊ ယာဉ်ရပ်နားရန်နေရာနှင့် အခြေခံအဆောက်အအုံများ အပါအဝင် လေဆိပ်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင်များက အောက်တိုဘာ ၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အလျား ၆၈ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၅ ပေရှိ RC တစ်ထပ် VIP နားနေဆောင် တည်ဆောက်ခြင်းအပြင် ရေစင်၊ ရေစုကန်၊ မိလ္လာကန်၊ ယာဉ်ရပ်နားရန်နေရာ၊ အတွင်းအုတ်ခြံစည်းရိုးနှင့် ကွန်ကရစ်လမ်း တည်ဆောက်ခြင်း၊ မြေယာအလှပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် သီရိမင်္ဂလာဈေးသစ် (တတိယပိုင်း) ရှိ Steel Structure တစ်ထပ်ဈေးရုံ ၁၄ ရုံနှင့် နှစ်ထပ်ဈေးရုံ ၄ ရုံ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးမှု စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မီးဘေးလုံခြုံရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။