Flydubai လေယာဉ်ပျက်ကျမည့်အရေး တားဆီးနိုင်ခဲ့သည့် အိန္ဒိယလေယာဉ်မှူးကို မိုဒီနှင့် နေတန်ယာဟု ချီးကျူး

Flydubai လေကြောင်းလိုင်း၏ ဒူဘိုင်းမှ တဲလ်အဗစ်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးအား ဓားဖြင့်ထိုးကာ လေယာဉ်ပျ-က်ကျစေရန် ကြိုးပမ်းခဲ့သည်ဟု အစ္စရေးအရာရှိများက ပြောကြားသည့် ဖြစ်စဉ်အတွင်း ခရီးသည် ၁၇၄ ဦး၏ အသက်အန္တရာယ်ကို ကယ်တင်ရာတွင် အဓိကပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံသား လေယာဉ်မှူး Smit Machchhar ကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုတို့က ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် တွဲဖက်လေယာဉ်မှူးက Machchhar ကို ဓားဖြင့်ထိုးခဲ့ပြီးနောက် လေယာဉ်သည် စက္ကန့် ၃၀ မပြည့်မီ ပေ ၁၄,၀၀၀ နီးပါး အမြင့်ဆုံးရှုံးကာ ရုတ်တရက်ထိုးဆင်းသွားခဲ့ကြောင်း Reuters က ဖော်ပြသည်။

ပြင်းထန်စွာ ဒ-ဏ်ရာရရှိပြီး လေယာဉ်ကြမ်းပြင်ပေါ်တွင် သွေးများဖြင့် လဲကျနေသည့်အခြေအနေ၌ပင် Machchhar က လေယာဉ်မှူးခန်းတံခါးဖွင့်ရန် ခလုတ်ကို နှိပ်နိုင်ခဲ့ကြောင်း နေတန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူက Reuters သို့ ပြောကြားခဲ့သည်။

ထိုသို့ လေယာဉ်မှူးခန်းတံခါး ဖွင့်ပေးနိုင်ခဲ့ခြင်းကြောင့် ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများက တွဲဖက်လေယာဉ်မှူးကို ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီး လေယာဉ်ပေါ်၌ လိုက်ပါလာသည့် အခြား Flydubai လေယာဉ်မှူးများက လေယာဉ်ကို ထိန်းချုပ်ကာ ဆော်ဒီအာရေဗျနိုင်ငံ တာဘပ်ခ်မြို့တွင် အရေးပေါ် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

ဝန်ကြီးချုပ် နေတန်ယာဟုက Machchhar ၏ လုပ်ဆောင်မှုကြောင့် အစ္စရေးနိုင်ငံသားများနှင့် အခြားနိုင်ငံသားများအပါအဝင် လူ ၁၇၄ ဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားကာ ၎င်းကို “စစ်မှန်သည့် သူရဲကောင်းတစ်ဦး” အဖြစ် ချီးကျူးခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကလည်း အန္တရာယ်ကြီးမားသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး ပြင်းထန်စွာဒ-ဏ်ရာရရှိခဲ့သော်လည်း Machchhar သည် အခြားသူများ၏ အသက်ကို ကာကွယ်ရန် ကြီးမားသည့် သတ္တိနှင့် ခိုင်မာသည့် စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့ကြောင်း ချီးကျူးခဲ့သည်။

Machchhar သည် လက်ရှိတွင် ဆော်ဒီအာရေဗျနိုင်ငံ တာဘပ်ခ်မြို့ရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး အခြေအနေတည်ငြိမ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး Flydubai ကလည်း အစ္စရေးသို့ အသွားအပြန်လေကြောင်းခရီးစဉ်များကို စုံစမ်းစစ်ဆေးနေစဉ် ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

Ref: Reuters

image