လောင်းလုံးမြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာ ၅၈ ရွာမှ လျှပ်စစ်သုံးစွဲသူ ၁၅,၂၁၂ ဦး ဓာတ်အားပြတ်တောက်နေ၊ နယ်မြေအခြေအနေနှင့် ရန်ပုံငွေရရှိမှသာ ပြန်လည်ပြုပြင်နိုင်မည်
လောင်းလုံးမြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ဆက်စပ်ကျေးရွာ ၅၈ ရွာမှ လျှပ်စစ်ဓာတ်အားသုံးစွဲသူ စုစုပေါင်း ၁၅,၂၁၂ ဦးသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိပြီး နယ်မြေအခြေအနေနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပျ-က်စီးနေသည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်ပြီးမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လောင်းလုံးမြို့ပေါ်ရပ်ကွက်များနှင့် ဆက်စပ်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ကိုးရက်မြောက်နေ့တွင် လောင်းလုံးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က မေးမြန်းရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ကံပေါက်ဒေသမှ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသော်လည်း လောင်းလုံးမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။
တိုက်ပွဲများအတွင်း လောင်းလုံးမြို့နယ် လျှပ်စစ်မှူးရုံးနှင့် 33/11 kV၊ 5 MVA ဓာတ်အားခွဲရုံရှိ Main Transformer ၏ Radiator၊ 33 kV Potential Transformer နှင့် 11 kV Feeder Cable များ ထိခိုက်ပျက်စီးခဲ့သည့်အပြင် 11 kV Feeder Cable နှစ်ခုနှင့် 33 kV လောင်းလုံး-ဇလွတ် ဓာတ်အားလိုင်းတို့လည်း ပျ-က်စီးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် လောင်းလုံးမြို့ရှိ အဆိုပါဓာတ်အားခွဲရုံအတွင်း ပ-စ်ခတ်ဖျ-က်ဆီးမှုများကြောင့် Main Transformer နှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
လက်ရှိနယ်မြေအခြေအနေကြောင့် ပျက်စီးသွားသည့် ထရန်စဖော်မာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘဲ ဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်ရန် လိုအပ်သည့် ရန်ပုံငွေကို တနင်္သာရီတိုင်းဒေသကြီး၏ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထား တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ပုံငွေရရှိမှုနှင့် နယ်မြေအခြေအနေတို့အပေါ်မူတည်၍ ပျ-က်စီးနေသည့် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို ပြန်လည်စစ်ဆေးပြုပြင်သွားမည်ဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းများ ပြီးစီးမှသာ လောင်းလုံးမြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ဆက်စပ်ကျေးရွာ ၅၈ ရွာသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။