နိုင်ငံဖြတ်ကျော်မှုခင်းများသည် စိန်ခေါ်မှုများဖြစ်လာ၍ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုက ပို၍အရေးကြီးလာဟု နိုင်ငံတော်သမ္မတ ပြော
နိုင်ငံဖြတ်ကျော်မှုခင်းများသည် စိန်ခေါ်မှုများဖြစ်လာ၍ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုက ပို၍အရေးကြီးလာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
" ဒီနေ့ခေတ်မှာ ဆက်သွယ်ရေးနည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေပိုမိုရှုပ်ထွေးလာတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
အဆိုပါ ရှုပ်ထွေးမှုများကို ထိရောက်စွာကာကွယ်တားဆီးရန်နှင့် အချိန်မီတုံ့ပြန်နိုင်ရန်တို့အတွက် နည်းပညာကျွမ်းကျင်မှုများမြှင့်တင်ခြင်း၊ မှုခင်းသတင်းအချက်အလက်များစုဆောင်းခြင်းနှင့် သုံးသပ်ခြင်း၊ ပြည်တွင်း/ပြည်ပပူးပေါင်းဆောင်ရွက်မှုများအားကောင်းစေခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည်ဟု ပြောသည်။
" အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေနည်းတူကြုံတွေ့ နေရတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေဟာ နိုင်ငံတစ်ခုတည်းကဖြေရှင်းလို့မရနိုင်တဲ့ စိန်ခေါ်မှုတွေဖြစ်လာတဲ့အတွက် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုက ပိုပြီးအရေးကြီးလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ နိုင်ငံဖြတ်ကျော်မှုခင်းတွေမှာပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နိုင်ငံဖြတ်ကျော်မူးယစ်ဆေးဝါးမှု(၇၀၄)မှု၊ ငွေကြေးခဝါချမှု(၄)မှု၊ လူကုန်ကူးမှု (၄၁)မှု၊ လက်နက်မှောင်ခိုမှု(၅)မှု၊ ဆိုက်ဘာမှုခင်း (၃၁၂)မှုတို့ကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။