စစ်ကိုင်းတိုင်းမှာ ၈၅နှစ်နဲ့အထက် ဘိုးဘွားတွေလူမှုရေးပင်စင်နဲ့ သက်သေခံကဒ်ထုတ်ပေးဖို့ စီစဥ်

အသက်(၈၅)နှစ်နဲ့ အထက်ဘိုးဘွား အားလုံးကို လူမှုရေး ပင်စင်ရရှိနိုင်ဖို့နဲ့ သက်သေခံကဒ်ပြားတွေ ထုတ်ပေးနိုင်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနအနေ
နဲ့ဆောင်ရွက်ပေးနေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးကိုလေးက အောက်တိုဘာလ ၁ရက်နေ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားမှာပြောကြားလိုက်ပါတယ်။

"အသက်(၈၅)နှစ်နဲ့ အထက်ဘိုးဘွားတွေ အားလုံး လူမှုရေး ပင်စင်ရ ရှိနိုင်ရေးနဲ့ သက်သေခံကဒ်ပြားတွေ ထုတ်ပေးနိုင်ရေးကို လူမှုဝန်ထမ်းဦးစီးဌာနအနေ နဲ့ဆောင်ရွက်ပေးနေပြီဖြစ်တဲ့ အတွက် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားတွေအားလုံး စာရင်း မကျန်ဖို့ ဝိုင်းဝန်းကူညီဖော်ထုတ် ဆောင်ရွက်ပေးသွားကြဖို့ လိုအပ်ပါတယ်"လို့ ဝန်ကြီးချုပ်ဦးကိုလေးက ပြောကြားပါတယ်။

အခမ်းအနားကို တိုင်း ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းတရားသူကြီးချုပ်၊ တိုင်း အစိုးရအဖွဲ့ဝင်တွေ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့သက်ကြီး အဘိုး၊အဘွားတွေ တက်ရောက်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေးသန်းခေါင်စာရင်းကောက်ယူမှုအရ သက်ကြီးရွယ်အို အရေ အတွက်ဟာ ပိုများလာတာကို တွေ့ရပြီး သက်ကြီးရွယ်အိုတွေအတွက် လူမှုရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို တိုးမြှင့် စောင့်ရှောက်နိုင်ဖို့ဟာ လိုအပ်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ကအမှာစကားမှာထည့်ပြောပါတယ်။

နိုင်ငံတော်အနေနဲ့ လည်း ဘဏ္ဍာရန်ပုံငွေပေါ်မူတည်ပြီး အသက်ကြီးပုဂ္ဂိုလ်သတ်မှတ် ထောက်ပံ့ပေးသွားနိုင်ဖို့ လူမှု ကာကွယ်စောင့်ရှောက်ဖို့အမျိုးသားအဆင့် မဟာဗျူစီမံချက်(၂၀၁၄)မှာ ရေးဆွဲထား ပြီးပြီလို့ပြောခဲ့သလို အသက်(၈၅)နှစ်နဲ့ အထက်ဘိုးဘွားအားလုံး လူမှုရေး ပင်စင်ရ ရှိနိုင်ဖို့နဲ့သက်သေခံကတ်ပြားတွေထုတ်ပေးနိုင်ဖို့ကို လူမှုဝန်ထမ်းဦးစီးဌာနအနေ နဲ့ဆောင်ရွက်ပေးနေပြီဖြစ်တဲ့ အတွက် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားအားလုံး မကျန်ရှိစေဖို့ ဝိုင်းဝန်းကူညီဖော်ထုတ် ဆောင်ရွက်ပေးသွားကြဖို့လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွက် နိုင်ငံတော်ကလှူဒါန်းတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဘိုးဘွားရိပ်သာ (၉)ခုကို ထောက်ပံ့တဲ့ ဆန်၊ စားစရိတ်၊
ဝတ်စရိတ် ထောက်ပံ့ငွေကျပ် - ၃၆,၆၃၆,၀၀၀ (သုံးရာခြောက် ဆယ်ခြောက်သိန်း သုံးသောင်းခြောက်ထောင်)ကျပ်ကို တိုင်းဝန်ကြီးချုပ်နဲ့အခမ်းအနားတက်ရောက်လာသူတွေက ရိပ်သာတာဝန်ခံ ၂ ဦးကိုပေးအပ်ပါတယ်။

အခန်းအနားကိုတက် ရောက်လာကြတဲ့ အဘိုး၊အဘွားတွေကို ဂါရဝလက်ဆောင်ပစ္စည်းတွေ ပေးအပ်ကြပြီး အဘိုး၊အဘွားတွေကိုယ်စား အဘိုးတဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

image