ရန်ကုန်စင်ထရယ် ကွန်ဒို အပါအဝင် ကွန်ဒို သုံးခု သတ်မှတ်နှစ်ကျော်လွန်ပြီး အခန်းအပ်ခြင်း မရှိ

The central ကွန်ဒို အပါအဝင် ပရော့ဂျက်သုံးခု ဆောက်လုပ်နေတဲ့ ကွန်ဒိုတိုက်ခန်းတွေကို အကောင်ထည်ဖော်နေတဲ့ ဟောင်ကောင်အခြေစိုက်ကုမ္ပဏီက အခန်းအပ်ချိန် သတ်မှတ်နှစ်ထက် ကျော် လွန်နေသည့်အပြင် တာဝန်ယူ၊ တာဝန်ခံမှုရှိရှိ နဲ့ ဖြေရှင်းပေးခြင်းလည်းမရှိဘူးဟု နစ်နာသူကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေက ဆိုပါတယ်။

အဲဒီကွန်ဒို တိုက်ခန်းတွေဆောက်လုပ်နေတဲ့ ကုမ္မဏီဟာ Marga Landmark Development ကုမ္မဏီ ဖြစ်ပြီး The Central ၊ The Park ၊ Soho ပရော်ဂျက်သုံးခုမှ ကွန်ဒို တိုက်ခန်းတွေကို တန်ဖိုးရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို နှစ်နှစ်အတွင်း ပေးချေရမယ် စနစ်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

ကွန်ဒို တိုက်ခန်းတွေကို အမေရိကန်ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး အခန်းတည်နေရာကို မူတည်ပြီး တခန်းကို သိန်း တသောင်းခွဲအထက် ရှိကြောင်း ၊ အချို့ဝယ်ယူသူများက တခါတည်း ပေးချေရတဲ့ စနစ်နဲ့လည်း ဝယ်ယူခဲ့တယ်လို့ ဝယ်ယူသူတွေက ဆိုပါတယ်။

အဆိုပါ ကွန်ဒိုတိုက်ခန်းတွေဟာ ရန်ကင်းမြို့နယ် အင်းလျားကန်အနီး ကမ္ဘာဘုရားလမ်းမပေါ်တွင် နှစ်ခု ၊ အလုံမြို့နယ် တရုတ်သံရုံးအနီးတွင် တခု အကောင်ထည်ဖော်နေတာဖြစ်ပါတယ်။

“ကျွန်မကတော့ The Park ပရော်ဂျက်က ကွန်ဒိုကို ဝယ်တာပါ။ နှစ်နှစ်အတွင်း အရစ်ကျစနစ်နဲ့ ဝယ်တာ ၊ ကိုးဆယ်ရာခိုင်နှုန်း သွင်းပြီးပြီ ၊ အခန်းကတော့ ၂၀၂၅ ခုနှစ်မှာ အခန်း အပ်မယ်လို့ ပြောပါတယ်။ အ ခန်းအပ်ရင်တော့ ကျန်တဲ့ ဆယ်ရာခိုင်နှုန်း ပေးရမယ်ပေါ့။ စာချူပ်ထဲမှာတော့ နှစ်နှစ်အပါအဝင် ထပ် တိုး ခြောက်လအတွင်း အခန်း အပ်ရမယ်။ မအပ်ဖြစ်ရင် သွင်းထားတဲ့ ငွေကို တစ်ရာခိုင်နှုန်း အတိုးပေး မယ်ဆိုထားပေမဲ့ အခုထိ အတိုးမရပါဘူး။ သွားပြောတဲ့အခါ အုန်နာပေးသွင်းရမဲ့ ၁၀ရာခိုင်နှုန်းက နှုတ် မယ်လို့သာ နှုတ်ဂတိနဲ့ ပြောလွှတ်ပါတယ်။ “ ဟု အမည်မဖော်လိုသူ ဝယ်ယူခဲ့သူက ဆိုပါတယ်။

ဒါအပြင် ဝယ်ယူသူတွေကို စာချုပ်ချုပ်ဆိုရာတမှာလည်း ကုမ္မဏီက ပြီးစီးမယ်ရက်ကို ရက်ချိန်း အမျိုးမျိုးနဲ့ ချုပ်ဆိုတဲ့အပြင် တကယ်တမ်း လက်တွေ့မှာ Foundation ပင်ချထားခြင်းမရှိတာကို ဝယ်ယူသူ များက စုံးစမ်းသိရှိရတာကြောင့် ငွေကြေးလိမ်လည်သွားမည်ကို စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“ အန်တီက Central မှာ ဝယ်ထားတာ နှစ်ခန်းပါ။ ၂၀၁၉ ခုနှစ်က ဝယ်ထားတာ အခုထိ အခန်းမအပ်သလို အန်တီတို့ ဝယ်တဲ့နေရာမှာ ပေါက်တူးတလက်တောင် မတွေ့ရသေးလို စိတ်ဆင်းရဲနေပါတယ်။ အန်တီတို့က စုထားဆောင်းထားတာကနေ ခြစ်ခြုတ်ပြီး ဝယ်ရတာပါ။ အစိုးရလူကြီးမင်းများ ဒီအတိုင်း မကြည့်နေပါနဲ့လို့ တောင်းဆိုပါရစေ” ဟု ကွန်ဒို တိုက်ခန်း ဝယ်ယူခဲ့သူ ဒေါ်လဲ့လဲ့ဝင်းကပြောပါတယ်။

အဆိုပါ ကွန်ဒိုအခန်းများကို ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်ကတည်းက ရောင်းချခဲ့တယ်လို့ ယူဆရပြီး အချို့သော ဝယ်ယူသူများဟာ စာချုပ်ပါ ကန့်သတ်နှစ်ထက် တနှစ် ၊ နှစ်နှစ်ကနေ ရှစ်နှစ် ၊ ဆယ်နှစ်အထိ ကျော် လွန်နေတာတွေရှိကြောင်း ဝယ်ယူသူတွေက သူတို့ရဲ့ နစ်နာမှုတွေကို လူမှုကွန်ယက်နွေမှာ ထုတ်ဖော်ပြော ဆိုထားပါတယ်။

၂၀၁၉ ခုနှစ်က ကွန်ဒိုတိုက်ခန်းဝယ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အခန်းအပ်မယ်လို့ သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့တဲ့ ဒေါ်လဲလဲဝင်းကတော့ အခန်း မအပ်ရတဲ့ အခြေအနေကို ကုမ္မဏီက သက်ဆိုင်ရာတာဝန် ရှိသူများကို ကွန်ပလိန်း တက်ရာမှာ ကုမ္မဏီက ကိုဗစ် ၊ တိုင်းပြည်အခြေအနေ နဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သတ်ပြီး အကြောင်းပြချက်ပေးခဲ့တယ်လို့ဆိုပါတယ်။

သတ်မှတ်နှစ်ထက် ကျော်လွန်နေတာကြောင့် စက်တင်ဘာ ၃၀ ရက်နေ့မှာ ဝယ်ယူခဲ့သူ ၊ နစ်နာခဲ့သူ ကိုးဆယ် ဝန်းကျင်ထဲက အများက ကုမ္မဏီ အရောင်းပြခန်းမှာ ကွန်ပလိန်းတက်ခဲ့ရာ တာဝန်ရှိသူ များက တာဝန်ယူ ၊ တာဝန်ခံ ဖြေရှင်းပေးခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

VOM က အဆိုပါ အဖြစ်ပျက်များနဲ့ပတ်သတ်ပြီး ကုမ္မဏီက ဆက်သွယ်ရန် ပေးထားတဲ့ ဖုန်းနံပါတ် ကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

အဆိုပါ ကွန်ဒိုတိုက်ခန်းများကို အေဂျင်စီတွေက တာဝန်ယူ ရောင်းချကြပြီး ဆက်သွယ်ရန် ပေး ထား တဲ့ ဖုန်းနံပါတ်များကို မေးမြန်းရမှာတော့ ကုမ္မဏီက အခန်းရောင်းချရန် ညွှန်းကြားခဲ့ခြင်းမရှိဘဲ အဆိုပါ အခန်းကို ဝယ်ယူသူ များကသာ ရောင်းချရန် အပ်နှံခဲ့ခြင်းဖြစ်တာကြောင့် တာဝန်ယူ ၊ တာဝန်ခံစရာ မရှိကြောင်း ငြင်းဆို ထားပါတယ်။

image