17 နာရီ - ဘာသာပြန်ပါ။

မုန်တိုင်းအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများ အရေးပေါ်တုံ့ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ EOC ဖွင့်လှစ်မည်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို အရေးပေါ်တုံ့ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ အရေးပေါ်ကွပ်ကဲမှုဌာန (Emergency Operation Center-EOC) ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်များအပြင် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။

ယင်းအခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများနှင့် ကူးစက်ရောဂါများကို ထိရောက်စွာ တုံ့ပြန်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းအခြေအနေကို စောင့်ကြည့်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် EOC ကို ၂၄ နာရီ ဖွင့်လှစ်ထားရှိကာ အခြေအနေအလိုက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image