MAI နှင့် KBZMS General Insurance အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် KBZMS General Insurance အပါအဝင် နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများသည် လေကြောင်းခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအသိုင်းအဝိုင်းအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများကို စက်တင်ဘာ ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများကို MAI နှင့် KBZMS General Insurance၊ MTG International Company၊ RVi Group/Bagan Run တို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးမိတ်ဖက်ဆက်ဆံမှု မြှင့်တင်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ယင်းအခမ်းအနားတွင် MAI ၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr. Tanes Kumar က ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်းရေး၊ တီထွင်ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့သော တိုးတက်မှုတို့မှတစ်ဆင့် လေကြောင်းလိုင်း၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် မိတ်ဖက်ဆက်ဆံရေး၊ အောင်မြင်မှုနှင့် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ကိုယ်စားပြုနိုင်ရေးတို့နှင့်ပတ်သက်၍ MAI ၏ Brand Ambassador များဖြစ်သည့် အာရှနှင့် ကမ္ဘာ့ကာယဗလချန်ပီယံ ရဲထွန်းနောင်၊ မြန်မာ့လက်ရွေးစင် ကြက်တောင်ကစားသမား ဖုန်းပြည့်နိုင်နှင့် မြန်မာ့လက်ရွေးစင် ကြက်တောင်ကစားသမား သက်ထားသူဇာတို့က ၎င်းတို့၏ အတွေ့အကြုံနှင့် အမြင်များကို မျှဝေဆွေးနွေးခဲ့ကြသည်။
အခမ်းအနားတွင် MAI က လေကြောင်းလိုင်း၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးလျက်ရှိသည့် ခရီးသွားအေဂျင်စီမိတ်ဖက်များကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။