မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေးဝါး ၄ မျိုးကို အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အသိပေး

တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး ၄ မျိုးကို ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သော်ကြောင့်အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိနေနေခြင်းဖြစ်သည်။

ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆရာကြီးဦးတင်အေး၏ ကချင်အမှတ်တံဆိပ် သွေးတိုးကျလေနင်ဆေး(ဆေးလုံး+ဆေးမှုန့်/ဆေးဘူး)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင် ရရှိခဲ့ဖူးသော်လည်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားမှုမရှိခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်းကုန်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုပြင် လေးပါးရာဇာ အမှတ်တံဆိပ် သွေးတိုးပျောက်ဆေးကြီး (ဆေးပြား/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ရရှိခဲ့သော်လည်း သက်တမ်းတိုး လျှောက်ထားမှုမရှိခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ရှင်းအမှတ်တံဆိပ် သွေးတိုးကျဆေး (ဆေးပြား/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှု မရှိခြင်းနှင့် ရွှေမင်းသားအမှတ်တံဆိပ် အားတိုးဆေး(ဆေးမှုန့်/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်မရှိခြင်း၊ အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်- TMR နံပါတ်အား ထည့်သွင်းအသုံးပြုခြင်းများကို တွေ့ရှိခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးများ ဖြစ်သဖြင့် ဆေးဝါးစီစစ်မှန်ကန်မှု အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထားခြင်းလည်း ဖြစ်သည်။

image