ရွှေပြည်သာက Sunrise အထည်ချုပ်စက်ရုံကို အပြီးပိတ်သိမ်းမယ်လို့ ကြေညာ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄) မှာ ဖွင့်လှစ်ထားတဲ့ Sunrise (Myanmar) Fashion Co.,Ltd အထည်ချုပ်စက်ရုံကို လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာ အပြီး ပိတ်သိမ်းတော့မယ့်အကြောင်း စက်ရုံက တရားဝင် ကြေညာထားတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

စက်ရုံရှိ အလုပ်သမားတွေကို အခု စက်တင်ဘာလကုန်မှ အောက်တိုဘာလ တတိယအပတ်အထိ နစ်နာကြေး၊ လုပ်သက်အလိုက်ပေးရမယ့် လျော်ကြေးတွေကို အလုပ်သမားဥပဒေနဲ့အညီ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အခု စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၂၁ ရက်နေ့အထိကို နို့တစ်ကာလ သတ်မှတ်ထားတယ်လို့ စက်ရုံကပြောတယ်။ ဒါပေမယ့် ခုချိန်ထိတော့ အလုပ်သမားတွေ ရရှိရမယ့် အကျိုးခံစားခွင့်၊ နစ်နာကြေးတွေနဲ့ ပတ်သက်လို့ စက်ရုံက ဘာမှ ရှင်းရှင်းလင်းလင်း အသိပေးထားတာမျိုး မရှိသေးဘူး။ ညှိနှိုင်းတာတွေတော့ လုပ်နေတယ်” လို့ အလုပ်သမားတယောက်က ပြောပါတယ်။

လုပ်သက် ခြောက်လ မပြည့်သေးသူတွေ၊ လက်ရှိ ခွင့်ခံစားနေသူတွေ၊ မီးဖွားခွင့် ရရှိရမယ့်သူတွေရဲ့ အကျိုးခံစားခွင့်နဲ့ လုပ်သက်ရင့် အလုပ်သမားတွေအတွက် နစ်နာကြေးအပြင် လုပ်သက်အလိုက် လျော်ကြေးရရှိနိုင်ဖို့ သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာ၊ စက်ရုံ တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းနေကြတယ်လို့ သူက ပြောပါတယ်။

Sunrise (Myanmar) အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး BURTLE၊ ZEROSTAGE နဲ့ AIRRICH FWANNEL စတဲ့ အမှတ်တံဆိပ်တွေအတွက် အထည်တွေကို ချုပ်လုပ် တင်ပို့နေခြင်းဖြစ်ကာ အဲဒီစက်ရုံမှာ အလုပ်သမားဦးရေ ၁၀၀၀ ကျော် အလုပ် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ လက်ရှိ ရန်ကုန်တိုင်းအတွင်း ၁၈ ရုံမြောက် ပိတ်သိမ်းမယ့် စက်ရုံဖြစ်လာပြီး လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာလည်း ထန်းတပင်မြို့နယ်က အလုပ်သမား ၃၀၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံလည်း အပြီး ပိတ်သိမ်းမယ်လို့ သိရပါတယ်။

TENG HUI စပ်ရုံဟာ ဆွီဒင်နိုင်ငံအခြေစိုက် နာမည်ကျော် H&M (Hennes & Mauritz) အမှတ်တံဆိပ် အဝတ်အထည်တွေကို လက်ခစားစနစ်နဲ့ ချုပ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး အော်ဒါ မရရှိတော့တာကြောင့် ပိတ်သိမ်းမှာဖြစ်ကာ အလုပ်သမား နစ်နာကြေးတွေနဲ့ လျော်ကြေးကိစ္စ ရပ်တွေကို အခု စက်တင်ဘာလအတွင်း ရှင်းလင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို စက်ရုံတွေ ဆက်တိုက်ဆိုသလို ပိတ်သိမ်းမှုတွေ ရှိလာရတာဟာ ပြည်ပအော်ဒါတွေ ထိုးစိုက်ကျဆင်းသွားတာအပြင် ကုန်ကြမ်းသွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခု ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံ အမြောက်အမြားဟာ လုပ်ငန်းရပ်နားဖို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံ တင်ပြလာကြတယ်လို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တယောက်က “အခုနောက်ပိုင်း ကုန်ထုတ်စွမ်းအားတွေ ပိုပြီး သိသိသာသာ ကျလာတာ တွေ့ရတယ်။ အော်ဒါတွေ သိသိသာသာ လျော့လာတယ်။ အထူးသဖြင့် အထည်ချုပ် (CMP) စက်ရုံတွေမှာ ပြည်ပအော်ဒါတွေ မရှိသလောက် ဖြစ်လာတယ်။ ဒါက အနောက်နိုင်ငံတွေရဲ့ Sanctions (စီးပွားရေးပိတ်ဆို့မှု) တွေကြောင့်လည်း ပါတာပေါ့။ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းအား နည်းလာကြပြီ။ ဒါတွေကြောင့်ပဲ လုပ်ငန်းလည်ပတ်ဖို့ ခက်လာကြတာ” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခုလို ဖြစ်စဉ်တွေကြောင့် ပြည်တွင်းက အလုပ်သမားတွေအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေရလမ်း မသေချာမှုတွေ ပိုမိုကြုံတွေ့လာရပြီး စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အလုပ်သမား သောင်းနဲ့ချီ အလုပ်အကိုင်ဆုံးရှုံးကာ မြန်မာ့ စီးပွားရေးအပေါ်ကိုလည်း ဆိုးကျိုး ကြီးကြီးမားမား သက်ရောက်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ လက်ခစား (CMP) စက်ရုံတွေမှာ အလုပ်သမား ခုနစ်သိန်းကျော်ရှိနေကာ ဆက်စပ်လုပ်ငန်းတွေမှာတော့ အဲဒီလုပ်သားတွေရဲ့ နှစ်ဆဝန်းကျင်ရှိပြီး ၎င်းတို့ကို မှီခိုနေရတဲ့ မိသားဝင်တွေကတော့ လေးဆဝန်းကျင် ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image