မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁၂ ပေအထိ ရှိနိုင်၊ ပင်လယ်ပြင်ခရီးသွားများ သတိပြုရန် မိုးဇလ သတိပေး

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မိုးထစ်ချုန်းရွာပြီး လှိုင်းကြီးနိုင်၊ ရခိုင်ကမ်းရိုးတန်းဘက်တွင်လည်း လှိုင်း ၁၀ ပေအထိ မြင့်နိုင်

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တွင် မိုးထစ်ချုန်းရွာပြီး လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်သဖြင့် ပင်လယ်ပြင်ခရီးသွားလာသူများ သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

အဆိုပါအခြေအနေမှာ စက်တင်ဘာ ၂၆ ရက် မွန်းတည့်ချိန်မှ စက်တင်ဘာ ၂၇ ရက် မွန်းတည့်ချိန်အထိ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် အနောက် သို့မဟုတ် အနောက်မြောက်ဘက်မှ တစ်နာရီလျှင် ပင်လယ်မိုင် ၁၅ မိုင်မှ ၂၀ မိုင်နှုန်းဖြင့် လေတိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ ပင်လယ်မိုင် ၃၅ မိုင်အထိ အားကောင်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းစဉ် အမြင်တာ မိုင်ဝက်ခန့်အထိ လျော့နည်းနိုင်သဖြင့် ပင်လယ်ပြင်ခရီးသွားလာသူများအနေဖြင့် မိုးလေဝသနှင့် ရေပြင်အခြေအနေများကို အထူးသတိပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့၌ မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေကြောင်း စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲ မိုးလေဝသထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image