ဗီယက်နမ်နှင့် မြောက်ကိုရီးယား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ

ကိုယ်စားလှယ်အဖွဲ့ အပြန်အလှန်လည်ပတ်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်မည်

ဗီယက်နမ်နှင့် မြောက်ကိုရီးယားတို့သည် မကြာသေးမီက ရရှိခဲ့သည့် အပြုသဘောဆောင်သော ရလဒ်များအပေါ် အခြေခံ၍ နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြောင်း ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ် ဒုတိယကာကွယ်ရေးဝန်ကြီး ငုယင်ထရွန်သန် (Nguyen Truong Thang) သည် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသည့် မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယကာကွယ်ရေးဝန်ကြီး ရို ချောလ်အွန်း (Ryo Chol Ung) နှင့် စက်တင်ဘာ ၂၄ ရက်က ဟနွိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံအကြား ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်လည်ပတ်ရေး၊ ပါတီနှင့် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးကဏ္ဍများတွင် အပြုသဘောဆောင်သည့် ရလဒ်များ ရရှိထားကြောင်း ငုယင်ထရွန်သန်က ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ Letter of Intent ကို နှစ်ဖက်ဆက်လက် အကောင်အထည်ဖော်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ရို ချောလ်အွန်းကလည်း နှစ်နိုင်ငံ၏ အာဏာရပါတီများ၊ အစိုးရများနှင့် တပ်မတော်များအကြား ရှိရင်းစွဲဆက်ဆံရေးကို အလေးထားပြောကြားခဲ့ပြီး နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

image