ဖွံ့ဖြိုးမှုအားနည်းသည့် နယ်စပ်ဒေသများတွင် ကျေးရွာချင်းဆက်နှင့် ကုန်ထုတ်လမ်းများ တိုးချဲ့မည်

ဒေသလိုအပ်ချက်အလိုက် Class A, B, C အဆင့် လမ်း၊ တံတားများကို ကွင်းဆင်းစိစစ်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည်

တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဖွံ့ဖြိုးမှုအားနည်းသည့် နယ်စပ်ဒေသများတွင် ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းနှင့် Class A, B, C အဆင့် လမ်း၊ တံတားများကို ဒေသလိုအပ်ချက်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၅ ရက်က ကျင်းပသည့် လမ်းများတိုးချဲ့ဆောင်ရွက်ရေးနှင့် လုပ်ငန်းများထပ်နေမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသအလိုက် အမှန်တကယ်လိုအပ်သည့် လမ်း၊ တံတားလုပ်ငန်းများကို ကွင်းဆင်းစိစစ်ပြီး ဘဏ္ဍာနှစ်အလိုက် ဦးစားပေးလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျကျန်နေသည့် နယ်စပ်ဒေသများတွင် သွားလာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားအခြေခံအဆောက်အအုံများကို ဆက်လက်တိုးချဲ့ဆောင်ရွက်နေကြောင်း သိရသည်။

အစည်းအဝေးတွင် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်း၊ တံတားလုပ်ငန်းများ၊ လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ထပ်မံတိုးချဲ့မည့် လမ်းအဆင့်သတ်မှတ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအကြား လုပ်ငန်းထပ်နေမှုမရှိစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

image