၂၀၂၇ မလေးရှားဆီးဂိမ်းအတွက် မြင်းစီးအားကစားသမားများ ကြိုတင်ပြင်ဆင်၊ ယခုဘဏ္ဍာနှစ်အတွင်း ပြိုင်ပွဲနှင့် သင်တန်းများ ဆက်လက်ကျင်းပမည်
၂၀၂၇ ခုနှစ် စက်တင်ဘာတွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြင်းစီးအားကစားပြိုင်ပွဲများနှင့် သင်တန်းများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က အသိပေးထားသည်။
ယင်းပြိုင်ပွဲနှင့် သင်တန်းများမှတစ်ဆင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်မည့် ထူးချွန်မြင်းစီးအားကစားသမားများနှင့် အားကစားမြင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများနှင့် သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ကျင်းပမည့် အစီအစဉ်များအတွက်လည်း အားကစားသမားများ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရန် အသိပေးထားသည်။
အားကစားသမားများအနေဖြင့် ပြိုင်ပွဲအစီအစဉ်များကို ကြိုတင်သိရှိကာ လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယခုကဲ့သို့ ကြိုတင်ထုတ်ပြန်အသိပေးခြင်းဖြစ်ကြောင်း သိရသည်။