လူစီးယာဥ်တွေရဲ့ အမိုးပေါ်မှာ ကုန်ပစ္စည်းတင်ရင် အရေးယူခံရမယ်
လူစီးယာဉ်တွေရဲ့ ခေါင်မိုးပေါ်မှာမှာ ပစ္စည်းတွေ တင်ဆောင်ခွင့် မပေးတော့ဘူးလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က မနေ့ စက်တင်ဘာ ၂၄ ရက်က အသိပေး ကြေညာထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပညာပေးကာလကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
“ယာဉ်တစီးချင်းစီအလိုက် သတ်မှတ်ထားတဲ့ ဝန်တင်အား၊ ခရီးသည် ဒါမှမဟုတ် ကုန်အလေးချိန်ပေါ့၊ ဒီ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ကျော်လွန်တင်ဆောင်တာ၊ ယာဉ်ရဲ့ မူလတည်ဆောက်ပုံ သတ်မှတ်ချက်နဲ့ မကိုက်ညီဘဲ အမိုးပေါ်မှာ ပစ္စည်းတွေ မတရား တင်ဆောင်တာတွေဟာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေနဲ့ ငြိစွန်းပါတယ်။ စက်တင်ဘာ ၂၄ ရက်ကစပြီး ၃၀ ရက်အထိ ပညာပေးကာလပါ။ ပညာပေးကာလ လွန်သွားရင်တော့ ကုန်တင်ထားတာတွေ့ရင် ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်ဖြစ်စေ ချမှတ် အရေးယူခံရမှာပါ” လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
Saloon , Wagon, Probox, AD Van, Succeed အစရှိတဲ့ ကားတွေဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှာ လူစီးယာဉ်အဖြစ်သာ မှတ်ပုံတင်ထားခြင်းဖြစ်ပြီး အဲဒီယာဉ်တွေဟာ ကုန်တင်ယာဉ် မဟုတ်တဲ့အတွက် အမိုးပေါ်မှာ စီးပွားဖြစ် ကုန်ပစ္စည်းတွေ အမြောက်အမြား တင်ဆောင် မောင်းနှင်ခွင့်မရှိဘူးလို့ သူက ပြောပါတယ်။
အမိုးပေါ်မှာ လေးလံတဲ့ပစ္စည်းတွေ တင်ဆောင်ပါက ကားရဲ့ ဗဟိုချက် (Center of Gravity) မြင့်တက်သွားပြီး ကားကွေ့တဲ့အခါ (ဒါမှမဟုတ်) ဘရိတ်ဆောင့်နင်းတဲ့အခါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစေနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ပစ္စည်းတွေကို အမိုးပေါ်မှာ အမြင့်ကြီး စုပုံတင်ခြင်းက နောက်ကားတွေရဲ့ မြင်ကွင်းကို ကွယ်စေနိုင်သလို လမ်းခရီးမှာ ပစ္စည်းတွေ ပြုတ်ကျပါကလည်း နောက်ကလိုက်ပါလာတဲ့ ယာဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒီသတ်မှတ်ချက်နဲ့ ပတ်သက်လို့ ယာဉ်မောင်းတယောက်က “ဒါက ခရီးဝေးသွားသူတွေအတွက် အဆင်မပြေပါဘူး။ ရန်ကုန်၊ မန္တလေးလို မြို့တွေအတွက် မဆန်းပေမယ့် နယ်တွေဘက် သွားတဲ့သူတွေ၊ နယ်မြို့ကြီးတွေကနေ ဒေသအသီးသီးကို သွားမယ့်သူတွေအတွက် ဒီဥပဒေက ဘယ်လိုမှအဆင်မပြေဘူး။ ဥပဒေထုတ်မယ်ဆို နယ်တွေဘက်၊ မြေပြင်အနေအထားကို အရင်ကွင်းဆင်းပြီး လေ့လာပေးစေချင်တယ်” လို့ ပြောပါတယ်။
ဒါအပြင် ခရီးသည်ဆိုတာ အမြဲ မရှိနိုင်တဲ့အတွက် ကုန်ပစ္စည်းတွေ ရှိနေမှသာ ယာဉ်လိုင်းပြေးဆွဲလို့ အဆင်ပြေနိုင်မှာဖြစ်ပြီး ကုန်ပစ္စည်းတွေ မရှိပါက တနေ့ကို ယာဉ်တစီး ထွက်ရဖို့တောင် မလွယ်ကူသလို ပုပ်သိုးကုန်တွေ နေ့ချင်းပြီး ရောက်နိုင်ဖို့က ဒီယာဉ်ငယ်တွေကိုသာ အားကိုးနေကြရတာလို့ သူက ပြောပါတယ်။
ခရီးသည်တွေကတော့ အခုလို သတ်မှတ်ချက်ကြောင့် ကားခဈေးနှုန်းတွေအပြင် ကုန်ဈေးနှုန်းတွေပါ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေကြပြီး နောက်ဆုံး ရလဒ်ကတော့ ပြည်သူတွေပဲ ပိုမို ကြပ်တည်းသွားနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
“ကုန်ပါလို့ လူစီးခ သက်သာတာ။ ကုန်မပါရင်တော့ ဆီဖိုးသက်သာအောင်၊ လမ်းတောက်လျှောက်က ဖြတ်သန်းရတဲ့ ဂိတ်ကြေးတွေ သက်သာအောင် လူစီးခကို ပိုတောင်းလာနိုင်တယ်။ ကားခတွေကလည်း တက်ပြီးရင် ပြန်ကျတာမရှိဘူး။ စာအိတ်လေးတအိတ် ပို့တာတောင် ပို့ခက အနည်းဆုံး ကျပ် ၅၀၀၀ လောက် လောက်ပေးနေရတာ။ နောက်ဆုံးတော့ ပြည်သူတွေပဲခံရမှာ” လို့ ခရီးသည်တယောက်က ပြောပါတယ်။
အခုလို စည်းကမ်းချက်နဲ့ ပတ်သက်လို့ ကုန်စည်အမြင့်ကို သတ်မှတ်ပေးသင့်သလို ကားခဈေးနှုန်းကိုလည်း သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေက ကြပ်မတ် ထိန်းကျောင်းမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ ပြည်သူတွေက ပြောပါတယ်။