ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အင်ဒိုနီးရှား ဆွေးနွေး
မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆီအုန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအပြင် တောင်သူပညာပေးလုပ်ငန်းများနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ H.E. Mr. Novan Ivanhoe Saleh ဦးဆောင်သည့်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ တောင်သူများအတွက် အသိပညာပေးအစီအစဉ်များ ထုတ်လုပ်ရေး၊ တောင်သူပညာပေးသင်တန်းကျောင်းများ တည်ဆောက်ရေးနှင့် ဒီဂျစ်တယ်၊ ရုပ်သံအခြေပြု စိုက်ပျိုးရေးသတင်းအချက်အလက်များ ဖြန့်ဝေပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ မျှဝေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။