နှစ်နှစ်ကျော် မီးပြတ်တောက်ခဲ့သည့် ကျောက်မဲနှင့် သီပေါမြို့တို့တွင် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် မီးပြန်လည်ဖြန့်ဖြူး

တိုက်ပွဲဖြစ်စဉ်များကြောင့် လျှပ်စစ်အခြေခံအဆောက်အအုံများ ပျက်စီးကာ နှစ်နှစ်ကျော် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့တွင် ပျက်စီးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ပြီးနောက် စက်တင်ဘာ ၂၂ ရက်မှစ၍ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဉ်များအတွင်း ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးရုံနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီးခဲ့သဖြင့် ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် ကျောက်မဲမြို့နှင့် ဇွန် ၂၆ ရက်တွင် သီပေါမြို့တို့၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနယ်မြေများ ပြန်လည်ထိန်းချုပ်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစတင်ကာ ပျက်စီးသွားသည့် လျှပ်စစ်အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည်။

ပြုပြင်တည်ဆောက်နေသည့်ကာလအတွင်း သီပေါမြို့၌ ဒီဇယ်ဓာတ်အားပေးစက်များဖြင့်လည်းကောင်း၊ ကျောက်မဲမြို့၌ နမ့်စောင်းငေါင်း အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှလည်းကောင်း ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာရုံးများသို့ ယာယီအချိန်ပိုင်း ဓာတ်အားဖြန့်ဖြူးပေးခဲ့သည်။

လက်ရှိတွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်အတူ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီမှစ၍ ကျောက်မဲမြို့ပေါ် ၇ ရပ်ကွက်၊ ပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာရုံး ၂၉ ရုံးနှင့် စာသင်ကျောင်း ၆ ကျောင်း တို့ကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် မီးပြန်လည်ပေးနိုင်ခဲ့သည်။

အလားတူ သီပေါမြို့ပေါ် ၁၀ ရပ်ကွက်၊ ပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာရုံး ၂၁ ရုံးနှင့် စာသင်ကျောင်း ၇ ကျောင်း တို့ကိုလည်း နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်နေရာများကိုလည်း ဆက်လက်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image