အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲမှာ အထူးအမှတ်တရဂျာစီကို မက်ဆီ ဝတ်ဆင်ကစားမယ်
အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲမှာ အထူးအမှတ်တရဂျာစီကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။
အာဂျင်တီးနားအသင်းအတွက် (၂၀၇)ပွဲကစား၊ (၁၂၅)ဂိုးသွင်းယူထားပြီး ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ မက်ဆီက လက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း သြဂုတ်လကတည်းက ကြေညာထားပြီးဖြစ်ပေမဲ့ အခုနိုင်ငံတကာရက်သတ္တပတ်မှာ နောက်ဆုံးပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားသွားမှာပါ။
အာဖရိကအသင်းတစ်သင်းဖြစ်တဲ့ ဘီနင်အသင်းနဲ့ အောက်တိုဘာ(၆)ရက် ယှဉ်ပြိုင်မယ့်ပွဲမှာ ပါဝင်ကစားမှာဖြစ်ပြီး အဲဒီပွဲမှာ အထူးအမှတ်တရဂျာစီကို မက်ဆီက ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
အဲဒီဂျာစီမှာ မက်ဆီရဲ့အမည်၊ ကျောနံပါတ်နဲ့ လည်ပင်း၊ လက်မောင်းအနားကွပ်တွေကို ရွှေရောင်ခြယ်သထားကြောင်း သိရပါတယ်။
မက်ဆီက အထူးအမှတ်တရဂျာစီကို မိတ်ဆက်ပြသရာမှာ ''One last match, A jersey for A lifetime နောက်ဆုံးတစ်ပွဲ၊ တစ်သက်တာအတွက် ဂျာစီတစ်ထည်'' ဆိုတဲ့ စာသား ရေးသားခဲ့ကြောင်းလည်း သိရပါတယ်။
အာဂျင်တီးနားအသင်းက အခုနိုင်ငံတကာရက်သတ္တပတ်မှာ ဘိုလစ်ဗီးယား၊ ဘာကီနာဖာဆို၊ ဘီနင်တို့နဲ့ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပေမဲ့ မက်ဆီကတော့ ဘီနင်နဲ့ နောက်ဆုံးပွဲတစ်ပွဲမှာသာ ပါဝင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။