ဂိုးသမား ဒင်းန်ဟန်ဒါဆန်ကို ၂၀၃၀ ခုနှစ်အထိ ခရစ္စတယ်ပဲလေ့စ် သက်တမ်းတိုး

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အင်္ဂလန်ဂိုးသမား ဒင်းန်ဟန်ဒါဆန်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

ဒင်းန်ဟန်ဒါဆန်(၂၉ နှစ်)က ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသူဖြစ်ပြီး လတ်တလောရရှိထားတဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့ကစားသမားတစ်ယောက် ဖြစ်ခဲ့သူပါ။

ဒါကြောင့် ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒင်းန်ဟန်ဒါဆန်ကို ခရစ္စတယ်ပဲလေ့စ်အသင်းက ၂၀၃၀ အထိ သက်တမ်းတိုးလိုက်ခြင်းဖြစ်ပါတယ်။

ဒင်းန်ဟန်ဒါဆန်က မန်ယူအကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ကလပ်အသင်း(၅)သင်းထံ အငှားချခံခဲ့ရပြီးနောက် ၂၀၂၃ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းက ဒင်းန်ဟန်ဒါဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက ငြင်းပယ်ခဲ့ပြီး မနေ့က သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

''အံ့အားသင့်စရာကောင်းတဲ့ သုံးနှစ်တာကာလကို ဖြတ်သန်းခဲ့ရပြီး သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးနှစ်ကာလတွေက ကျွန်တော့်ရှေ့မှာ ရှိနေပါတယ်'' လို့ ဒင်းန်ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

image