ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းမှာ ဂရန်မြေပေါ်မှာသာ အဆောက်အဦဆောက်လုပ်ခွင့်ပြု
ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းမှာ အဆောက်အဦ ဆောက်လုပ်မယ်ဆိုရင် လတ်တလောမှာ ဂရန်အမည်ပေါက် မြေပေါ်မှာသာ ဆောက်လုပ်ခွင့်ရှိတဲ့ အခြေအနေဖြစ်နေ တယ်လို့ ကန်ထရိုက်တာတွေဆီက သိရပါတယ်။
ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ စတင်အသက်ဝင်ပြီးနောက် အခုစက်တင်ဘာလကစလို့ ပါမစ်၊ ဘိုဘွားပိုင်မြေ၊အရပ်စာချုပ်မြေ၊စလစ် စတဲ့ ဂရန်အမည်ပေါက်မဟုတ်တဲ့ မြေပေါ်မှာ အဆောက်အဦးဆောက်ခွင့်မပြုတာ ဖြစ််တယ်လို့ သိရပါတယ်။
" လောလာဆယ် အခြေအနေအရ ဂရန်မြေပဲ ဆောက်ခွင့်ရမယ်ပြောတယ်။ စည်ပင်ကို မေးပြီးပါပြီ။ တရားဝင်စာ မထွက်ပေမယ့် ရန်ကုန်မြို့နယ် စည်ပင်အားလုံး ပါဝင်ပါတယ်။ ဘယ်စည်ပင်မေးမေးဂရန်အမည်ပေါက်မှ တရားဝင်တင်လို့ရပါမယ်။ ဥပဒေဆွဲတာက ဖေဖော်ဝါရီ ၊ အတည်ပြုလိုက်တာက မကြာသေးဘူး။ အဲဒီဥပဒေစပြီး အခုလိုကြပ်လာတာပဲ။ဥပဒေမှာတော့မပါပေမယ့် ပိုကြပ်လာတာ ။ " လို့ ကန်ထရိုက်တာ တယောက်က ပြောပါတယ်။
မြေကို ဂရန်အမည်ပေါက်ရဖို့အတွက် လျှောက်ပါက အနည်းဆုံး ၃ လမှ ၆ လလောက်အထိ ကြာနိုင်ပြီး အဆောက်အဦ ဆောက်ခွင့်ရဖို့တင်ရဖို့က အချိန် ၁ လလောက်ကြာ တယ်လို့ သိရပါတယ်။
ဂရန်မြေ နဲ့ ဆောက်လုပ်ခွင့်လျှောက်ထားဆဲ အချိန်မှာ အဆောက်အဦကို ကြိုတင်ဆောက်လုပ်ခြင်း ၊ ခွင့်ပြုမိန့်မတင်ဘဲ ဆောက်လုပ်ခြင်းကို စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ဒဏ်ကြေးရိုက်ပြီး ထပ်မံကျူးလွန်ရင် ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ ဂရန်အမည်ပေါက်မဟုတ်တဲ့ မြေပေါ်မှာ အဆောက်အဦဆောက်လုပ်နေတာတွေ ရှိနေပါတယ်။
" မြေပြင်မှာဆောက်နေကြတယ်ဆိုတာ နားလည်မှုနဲ့ဆောက်ခွင့်ပေးထားတာ။ အခုကစစ်ဆေးရေးပါ ရှိလာတော့ဝန်ထမ်းတွေလည်း ပြုတ်နိုင်တဲ့အနေအထားဖြစ်လာတယ်။ အဲဒီတော့ တင်းကြပ်လာတဲ့သဘော။ အခုက မြေကွက် ဂရန်မရသေးတာကို ဆောက်ချင်ရင်တော့ စည်ပင်ကိုဆောက်ခွင့်မတင်ပဲ ဆောက်လို့ စည်ပင်က လာစစ်လို့မိရင် ဒဏ်ကြေးဆောင်ရမယ်။ ပထမအကြိမ် ဒဏ်ကြေးနဲ့ သတိပေးခြင်းဒုတိယအကြိမ် ထောင်ချတာရှိမယ်သိရတယ်။ " လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် လက်ရှိရန်ကုန်က ကန်ထရိုက်တာတွေ ၊ အင်ဂျင်နီယာတွေ ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အဆောက်အဦ ဆောက်လုပ်ဖို့ လက်ခံရာမှာ အခက်အခဲတွေ ရှိလာသလို ဂရန်မြေမဟုတ်တဲ့ အခြားမြေပိုင်ဆိုင်သူတွေအတွက်လည်း အဆင်မပြေဘူးလို့ တယ်လို့ သိရပါတယ်။
" ရန်ကုန်မြို့နယ်အားလုံး ဂရန်မှလွဲပြီး ဆောက်ခွင့်မရဘူးဆိုတော့ ဆောက်လုပ်ရေးလောကကြီးက အဘက်ဘက်က ကြပ်လာပြီး လုပ်စားလို့မကောင်းတော့ဘူး။လောလောဆယ်က ဂရန်အမည်ပေါက်ပဲ လက်ခံပေးလို့ရမယ်။ ဂရန်မြေမဟုတ်လည်း ဆောက်မယ် တကယ်လို့ ဒဏ်ကြေးရိုက်ရင် အိမ်ရှင်က သူပဲဆောင်ပါမယ်ပြောရင်တောင် သိပ်မလုပ်ရဲဘူး။ " လို့ အင်ဂျင်နီယာတယောက်က ပြောပါတယ်။
အခုနောက်ပိုင်းမှာ အဆောက်အဦ ဆောက်လုပ်တာနဲ့ပတ်သက်ပြီး စည်ပင်၊ထွေအုပ် ၊ရဲ အပါအဝင် ဌာနဆိုင်ရာပေါင်းစုံပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးတာတွေပြုလုပ်ပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။
ရန်ကုန်စည်ပင်နယ်နမိတ်အတွင်း ဂရန်အမည်ပေါက်မြေပေါ်မှာသာ အဆောက်အဦ ဆောက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို VOM အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။