ပွဲမကစားရသေးပဲ ရှုံးတယ်လို့ ဘယ်တုန်းကမှ မသတ်မှတ်ဘူးလို့ မြန်မာအမျိုးသမီးအသင်း နည်းပြ ဆို

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်သူ ကောလင်းဘဲလ်က ဒီညနေ ယှဥ်ပြိုင်ကစားရမယ့် တောင်ကိုရီးယားအမျိုးအသင်းနဲ့ပွဲအတွက် မကစားရသေးပဲ ရှုံးတယ်လို့ မသတ်မှတ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကောလင်းဘဲလ်က "ကျွန်တော်ကိုင်တွယ်ခဲ့ဖူးတဲ့အသင်းတိုင်းက ကစားသမားတွေကို ပြောလေ့ရှိပါတယ်။ ပွဲမစခင်မှာ သင့်မှာ ရှိသမျှ အကုန်ထုတ်သုံးပါ။ ဒါဆို ဘာဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။ ကစားသမားတွေ ကွင်းထဲက ထွက်လာတဲ့အခါ အရာအားလုံး အကုန်ထုတ်သုံးခဲ့တယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။ မကစားရသေးပဲ ပွဲတစ်ပွဲကို ရှုံးပြီလို့ ကျွန်တော် ဘယ်တုန်းကမှ မသတ်မှတ်ဘူး။ ပွဲကို အရင်ကစားရမှာဖြစ်ပြီး ရလဒ်ကို နောက်မှ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် အခွင့်အရေး အနည်းငယ်ပဲ ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို ကျွန်တော်တို့ အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားရမှာပါ" ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ယနေ့တွင် အာရှအမျိုးသမီးဘောလုံးအင်အားကြီး တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားအမျိုးသမီးအသင်းတို့ဟာ အုပ်စုပထမပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ (၅) နာရီတွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ နန်ဂိုင်းအားကစားကွင်းတွင် ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရန် ဂျပန်နိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်က ထွက်ခွာသွားပြီး အပြီးသတ်ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့သြဂုတ် ၁၇ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ် ရွေးချယ်လိုက်တဲ့ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းတွင် ခင်မာလာထွန်း၊ ဝင်းသိင်္ဂထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ မေသက်မွန်မြင့်၊ မေထက်လူ အစရှိတဲ့ ဝါရင့်ကစားသမားဟောင်းများ ပြန်လည်ပါဝင်ခဲ့သလို မျက်နှာသစ်ကစားသမားများဖြစ်တဲ့ ဇွန်သဲဦး၊ ဇင်မာထွေး၊ ဒေစီအောင်တို့လည်း ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အုပ်စု ( ၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း (၁၂) သင်းဖြင့် လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပမှာဖြစ်ပါတယ်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု ( တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။
အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ (၁၄) ရက်တွင် အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၁၇) ရက်တွင် အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၂၁) ရက်တွင် အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့နဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုတွင်း၌ အာရှအမျိုးသမီးဘောလုံးအင်အားကြီး တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းများကို အနိုင်ရရှိရန် လွယ်ကူမှာမဟုတ်သော်လည်း အုပ်စုတတိယနေရာအတွက် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရရှိရန် ကြိုးစားရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းတို့နဲ့ ပွဲများတွင် ဂိုးပြတ်မရှုံးနိမ့်ဘဲ အုပ်စုနောက်ဆုံးပွဲတွင် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုပါက နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

image