အခွန်မဆောင်ရတဲ့ မြေကွက်တွေကို ရင်းနှီးမြုပ်နှံ‌သူတွေ စိတ်ဝင်စားနေ

အိမ်ခြံမြေ အရောင်းအဝယ် အခွန်သစ်စနစ် စတင်ကျင့်သုံးပြီးနောက် ဝယ်ယူသူတွေနဲ့ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ ရောင်းခွန်၊ ဝယ်ခွန် မဆောင်ရတဲ့ မြေကွက်တွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်မှစတင်ကာ အိမ်ခြံမြေနဲ့ တိုက်ခန်းတွေ ရောင်းဝယ်ရာမှာ ရောင်းသူရော ဝယ်သူပါ အခွန်ပေးဆောင်ထားတဲ့ အထောက်အထား ပြသနိုင်မှသာ မှတ်ပုံတင် စာချုပ်ချုပ်ဆိုခြင်းနဲ့ အမည် ပြောင်းလဲခြင်းတွေကို ဆောင်ရွက်ပေးတော့မယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဝယ်ယူသူတွေနဲ့ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ ဂရမ်အမည်ပေါက် ပြောင်းလဲလို့မရတဲ့ ပါမစ်မြေ၊ စလစ်မြေနဲ့ ရွာမြေတွေအပေါ် အရင်ကထက်ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ သိရပါတယ်။
“ပါမစ်မြေ၊ စလစ်မြေနဲ့ ရွာမြေ ဆိုတာမှာလည်း ဝယ်သူတွေက ရွာမြေတွေကို ပိုပြီး စိတ်ဝင်စားကြတာ တွေ့ရတယ်။ အထူးသဖြင့် မြို့ပြနဲ့ အလှမ်းဝေးတဲ့ ရွာမြေတွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်။ ဈေးကလည်း တခြား မြေကွက်တွေထက်စာရင် သက်သာတယ်လေ။ အရင်းအနှီးမများဘူး။ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလောက်ပဲ ရှိတတ်တယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။
လက်ရှိမှာ တချို့သော တိုက်ခန်းတွေဟာ ပေါင်နှံထားတာ၊ အရောင်းထပ်နေတာတွေ ရှိတတ်တာကြောင့် အရှုပ်အထွေး အလွန်များတဲ့အတွက် ဝယ်သူတွေအနေနဲ့ မြေကွက်ပိုင်းဆိုင်ရာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး အားသန်လာကြတယ်လို့ သူက ပြောပါတယ်။
အိမ်ခြံမြေ အရောင်းအဝယ် အခွန်သစ်စနစ်အရ ရောင်းချတဲ့ အခြေပစ္စည်း ဖြစ်တဲ့ အိမ်၊ ခြံ၊ မြေနဲ့ အဆောက်အအုံရဲ့ ကာလတန်ဖိုးကို ရာဖြတ်အဖွဲ့ လို့ ခေါ်တဲ့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ကာ အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး ဒါဟာ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ပြဋ္ဌာန်းပြီးဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်၊ ရပ်ကွက်အလိုက် မြေရဲ့ ၁ စတုရန်းပေ တန်ဖိုးကို ရာဖြတ်အဖွဲ့က သတ်မှတ်ပေးထားပြီး အဲဒီ သတ်မှတ်တဲ့ဈေးက ရောင်းသူ မူလဝယ်ထားတဲ့ဈေးထက် များနေမယ်ဆိုပါက အမြတ်ထွက်တယ်လို့ အခွန်ဦးစီးဌာနက သတ်မှတ်ထားပါတယ်။
အဲဒီ အမြတ်ငွေကို ပွဲစားခ၊ ရွှေ့ပြောင်းခ၊ ပြင်ဆင်စရိတ်နှုတ်ပြီး ကျန်တဲ့ အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရမယ်လို့ အခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

image