ရိုးမားနှင့် သရေကျပြီး မိနစ်အကြာတွင် ဖီနာဘာချီနည်းပြ နုတ်ထွက်လာ
အစ္စမေးလ်ကာတယ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတွင် ရိုးမားနှင့် ၁ ဂိုးစီသရေကျပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် ဖီနာဘာချီနည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
ကာတယ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ကစားသမားအဖြစ်လည်းကောင်း၊ လက်ထောက်နည်းပြအဖြစ်လည်းကောင်း ကျင်လည်ခဲ့တဲ့ ဖီနာဘာချီသို့ ဘယ်တော့မှ ပြန်မသွားတော့ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ခုနှစ် ဇွန်လတွင် နည်းပြအဖြစ် စတုတ္ထအကြိမ်မြောက် ရောက်လာတာ ဖြစ်ပြီး ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ တူရကီစူပါလိဂ် ၄ ပွဲအပြီးတွင် ၂ ပွဲနိုင်၊ ၂ ပွဲသရေဖြင့် အဆင့် ၉ နေရာမှာ ရပ်တည်ပြီး ချန်ပီယံလိဂ် ၁ ပွဲအပြီးမှာပင် ထွက်ခွာလာပါတယ်။
ကာတယ်က "ဒီကို ရောက်လာတာ သုံးလရှိပြီ။ ရာသီအစကနေ ဒီကနေ့အထိ ကစားသမားတွေနဲ့ လေ့ကျင့်ခန်းအစီအစဉ်နဲ့ စခန်းသွင်းလေ့ကျင့်ချိန်မှာ ဥက္ကဌရဲ့ လုပ်ဆောင်ပေးမှုတွေက အရမ်းအကူအညီ ဖြစ်ခဲ့တယ်။ အံ့ဩစရာကောင်းတဲ့ နေ့ရက်တေ့ပါ။ ဒီကနေ့ညနေမှာ ကစားသမားတွေကို ကျွန်တော် ဂုဏ်ပြုပါတယ်။ ပြီးတော့ ကျွန်တော့်ရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။ ကလပ်အတွက် ဒီဆုံးဖြတ်ချက်ချလိုက်တာပါ။ အသင်းတစ်ခုအနေနဲ့ အတူတကွ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ အခုအချိန်က စပြီး ဖီနာဘာချီနဲ့ ကစားသမားတွေကို ကူညီဖို့က အနာဂတ်နည်းပြအပေါ်မှာပဲ မူတည်ပါတော့တယ်။ ကျွန်တော် ရာထူးက နုတ်ထွက်လိုက်ပါပြီ။ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒါပေမယ့် ဥက္ကဌအဇစ်ယဲလ်ဒီရမ်ကတော့ ကာတယ်ရဲ့ ရာထူးမှ နုတ်ထွက်မှုအား လက်မခံပါဘူး။
ယဲလ်ဒီရမ်က ကာတယ်မှာ ရိုးမားပွဲစဉ်အတွင်း ပွဲကြည့်စင်မှ ပစ်ပေါက်လိုက်တဲ့ ပုလင်းထိမှန်ပြီးနောက် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
ဒါ့အပြင် ယဲလ်ဒီရမ်က ကာတယ်မှာ ဖီနာဘာချီနည်းပြအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားဦးမည်ဖြစ်ကြောင်းလည်း ထပ်လောင်းဆိုသွားပါသေးတယ်။