ချင်းတိုင်းရင်သားဖိုက်တာ သုံးဦးရဲ့ပွဲများကို စက်တင်ဘာအတွင်း မြန်မာပရိသတ်များ ကြည့်ရှုခွင့်ရမယ်

ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ သုံးဦးဖြစ်တဲ့ ဟာလင်းအုမ်း(အောက်ချင်းလေး)၊ ဂျိုရှူအာဗန်နဲ့ ထီရဲယ်ထန်တို့ရဲ့ပွဲများကို စက်တင်ဘာအတွင်း မြန်မာပရိသတ်များ ကြည့်ရှုခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ သုံးဦးထဲမှ ပထမဆုံးအဖြစ် ဟာလင်းအုမ်းပွဲကို စက်တင်ဘာ ၁၂ ရက်တွင် ကြည့်ရှုခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဟာလင်းအုမ်းဟာ ONE Championship ပရိုမိုးရှင်းက ကျင်းပမယ့် ONE Samurai-3 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ နာဒါကာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
ONE Samurai-3 ပြိုင်ပွဲကို စက်တင်ဘာ (၁၂) ရက်တွင် ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့ရှိ ယိုကိုဟားမားဘန်တိုင် အားကစားရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ONE Samurai-3 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၀ ဆိုင်းပါဝင်မှာဖြစ်ပြီး ဟာလင်းအုမ်းနဲ့ ဂျပန်ဖိုက်တာ နာဒါကာတို့က အဓိကခေါင်ပွဲအဖြစ် ထိုးသတ်ရမှာ ဖြစ်ပါတယ်။
ဟာလင်းအုမ်းနဲ့ ဂျပန်ဖိုက်တာ နာဒါကာတို့ဟာ ONE Samurai-3 ပြိုင်ပွဲမှာ ကစ်ဘောင်ဆင် အက်တမ်ဝိတ်တန်း ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။
ဟာလင်းအုမ်းဟာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ မွေထိုင်းပွဲများကိုသာ ထိုးသတ်ဖူးပြီး ယခုအခါ ONE Samurai-3 မှာ ပထမဆုံးအကြိမ် ကစ်ဘောင်ဆင် ထိုးသတ်ရမှာဖြစ်ပါတယ်။
ဟာလင်းအုမ်းဟာ ONE Champiinship တွင် မွေထိုင်းပွဲ (၅) ပွဲ ထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားပါတယ်။
ဟာလင်းအုမ်းပွဲအပြီးတွင် ဒုတိယအဖြစ် ဂျိုရှူအာဗန်ပွဲကို စက်တင်ဘာ၂၀ ရက်မှာ ကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။
ဂျိုရှူအာဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲဖြစ်တဲ့ UFC- 331 ပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
UFC-331 ပြိုင်ပွဲတွင် တွဲဆိုင်းပေါင်း ၁၃ ဆိုင်း ထည့်သွင်းထားပြီး ဂျိုရှူအာဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ ပန်တိုဂျာတို့ရဲ့ မကျေပွဲကို အဓိကခေါင်ပွဲအဖြစ် ထည့်သွင်းထားပါတယ်။
ယခုပွဲမှာ ဂျိုရှူအာဗန်အတွက် ဖလိုင်းဝိတ်တန်းတွင် ချန်ပီယံခါးပတ်ရယူပြီးနောက် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်ပါတယ်။
ဂျိုရှူအာဗန်နဲ့ ပန်တိုဂျာတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအတွင်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာတင် ဂျိုရှူအာဗန်က အလဲထိုးနဲ့ အနိုင်ရှိခဲ့ပြီး ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို ပထမဆုံးရရှိခဲ့ပါတယ်။
ဂျိုရှူအာဗန်ပွဲအပြီး တတိယအဖြစ် ထီရဲယ်ထန်ရဲ့ပွဲကို စက်တင်ဘာ ၂၄ ရက်တွင် ကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။
ထီရဲယ်ထန်ဟာ ဂျပန် MMA ပရိုမိုးရှင်းတစ်ခုဖြစ်တဲ့ SHOOTO က ကျင်းပမယ့် Lemino -SHOOTO- 8 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

image