လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်သူများထံ ရောက်ရှိရေး အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စုဝန်ကြီး ပြော

​မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသူများထံ အမှန်တကယ် ရောက်ရှိနိုင်ရေးအတွက် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
(၂၃) ကြိမ်မြောက် အရှေ့တောင်အာရှ ကြက်ခြေနီလခြမ်းနီအသင်းခေါင်းဆောင်များ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားစဉ် ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
​ပြည်ထောင်စုဝန်ကြီးက အစည်းအဝေး၏ “Unity in Humanitarian Action: Building a Better Tomorrow” ဆောင်ပုဒ်သည် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်မှု၏ အရေးပါမှုကို ထင်ဟပ်စေကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် ရောဂါဖြစ်ပွားမှု စသည့် တူညီသော စိန်ခေါ်မှုများ ရင်ဆိုင်နေရသဖြင့် အစိုးရ၊ အဖွဲ့အစည်းများနှင့် ရပ်ရွာလူထုအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် လိုအပ်ကြောင်း ဆိုသည်။
​ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နီပေါနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့် ပဲရှစ်တန် လှူဒါန်းခဲ့မှုအပါအဝင် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

image