မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် အဂွဲရိုးနဲ့အတူ ဟာလန်း ပူးတွဲရပ်တည်
မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ အသင်းရဲ့ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် အဂွဲရိုးနဲ့အတူ ပူးတွဲရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဟာလန်းဟာ ပေါ်တိုအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးစလုံး သွင်းယူခဲ့တာကြောင့် မန်စီးတီးကစားသမားဘဝမှာ ချန်ပီယံလိဂ်သွင်းဂိုး (၃၆)ဂိုး ရှိသွားခဲ့ပြီး အဂွဲရိုးရဲ့စံချိန်ကို လိုက်မီသွားခဲ့တာပါ။
ဟာလန်းရဲ့ မန်စီးတီးကစားသမားဘ၀ သွင်းဂိုးစုစုပေါင်းကတော့ (၁၆၇)ဂိုးရှိသွားခဲ့ပြီဖြစ်ပြီး အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း အဂွဲရိုးနဲ့ အဲရစ်ဘရွတ်ခ်တို့ရဲ့နောက် တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။
ဟာလန်းအနေနဲ့ ကစားသမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်းက (၅၉)ဂိုး ရှိလာခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း အဆင့်(၇)နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ဟာလန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် (၈)ဂိုး၊ ဒေါ့မွန်အသင်းအတွက် (၁၅)ဂိုး၊ မန်စီးတီးအသင်းအတွက် (၃၆)ဂိုး သွင်းယူခဲ့တာပါ။
ပေါ်တိုအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟာလန်း ဂိုးသွင်းနိုင်တဲ့ (၂၂)သင်းမြောက် ပြိုင်ဘက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
မန်စီးတီးအသင်းမှာ ဟာလန်းရဲ့ အသင်းဖော်အသစ် ဖြစ်လာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကတော့ ဟာလန်းဟာ သားရဲတစ်ကောင်လို ကစားသမားဖြစ်တယ်လို့ ညွှန်းဆိုချီးကျူးခဲ့ပါတယ်။