M League-2 ပြိုင်ပွဲကို Enjoy Brother၊ Happy Friendship၊ Asia Lion အသင်းများ ဝင်ရောက်ယှဥ်ပြိုင်မယ်
ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို Enjoy Brother၊ Happy Friendship နဲ့ Asia Lion အသင်းများ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို လာမယ့်စက်တင်ဘာ (၁၉) ရက်မှာ စတင်ကျင်းပဖို့ လျာထားလျက်ရှိပြီး ယခုအခါ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ အပြီးသတ်ပြုလုပ်နေလျက်ရှိကြောင်း သိရပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို အနည်းဆုံးအသင်း (၈) သင်းနဲ့ ကျင်းပသွားဖို့ စီစဥ်ထားပြီး (၈) သင်းထက်မက တိုးလာဖွယ်လည်း ရှိနေကြောင်း သိရပါတယ်။
Enjoy Brother၊ Happy Friendship နဲ့ Asia Lion အသင်း (၃) သင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ M League -2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL- 2 Promotion Amateur Club Tournament 2026) ဝင် အသင်းများဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆ M League -2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL- 2 Promotion Amateur Club Tournament 2026) ဗိုလ်လုပွဲမှာ Enjoy Brother အသင်းက Happy Friendship အသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၆ M League -2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL- 2 Promotion Amateur Club Tournament 2026) ဗိုလ်လုပွဲရောက် Enjoy Brother အသင်းနဲ့ Happy Friendship အသင်း နှစ်သင်းဟာ M League -2 ပြိုင်ပွဲကို တက်ရောက်ကစားခွင့် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
ယခုအခါ ၂၀၂၆ M League -2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL- 2 Promotion Amateur Club Tournament 2026) ဝင် Asia Lion အသင်းကလည်း M League-2 ပြိုင်ပွဲကို ဝင်ရောက်ကစားလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲအပြီးတွင် အဆင့် (၁၁၊ ၁၂) ရ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်းနှစ်သင်းမှာ MNL-2 သို့ တန်းဆင်းခဲ့ပါတယ်။
MNL-2 မှ ပထမ၊ ဒုတိယရ ချင်းလန့်နဲ့ မြဝတီအသင်းတို့မှာ MNL သို့ တန်းတက်ခဲ့ပါတယ်။
သို့သော် MNL အဆင့်(၁၀) ရ ဒဂုံပေါ့သ်အသင်းမှာ ဖျက်သိမ်းသွားသောကြောင့် MNL တန်းဆင်း နှစ်သင်းနဲ့ MNL-2 အဆင့် (၃၊ ၄) ရ အသင်းနှစ်သင်း၊ ပေါင်းလေးသင်းကို Play-off ကစားစေသော်လည်း ရန်ကုန်စီးတီးမှလွဲပြီး ကျန်အသင်းသုံးသင်းက ကစားရန်ဆန္ဒမရှိသောကြောင့် ရန် ကုန်စီးတီးအသင်း MNL သို့ တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။