1 ပတ် - ဘာသာပြန်ပါ။

ကားတင်သွင်းခွင့်ပါမစ်ပိတ်တယ်ဆိုတဲ့ကိစ္စ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးလို့ ရောင်းမှားဝယ်မှား မဖြစ်ဖို့ ဂရုစိုက်ဖို့လိုအပ်

ကားတင်သွင်းခွင့်ကျပြီးသား ပါမစ်အားလုံးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ Foreign Exchange Supervisory Committee ( FESC )က ပိတ်လိုက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
FESC ဟာ ကားတင်သွင်းခွင့်ချပေးတဲ့ ကော်မတီမဟုတ်ဘဲ ပြည်ပကနေတင်သွင်းခွင့်ရတဲ့ ကားအပါအဝင် ကုန်စည်တွေအတွက် နိုင်ငံခြားငွေ စိစစ်ထုတ်ရောင်းချပေးတဲ့ အဖွဲ့သာဖြစ်တယ်လို့ ဆိုပါတယ်။
" နိုင်ငံခြားငွေကြီးကြပ်ရေး ကော်မတီက ပိတ်လိုက်တယ်ဆိုတာ တရားဝင်စာတွေ့တာလည်းမရှိ တရားဝင်ကြေငြာတာ မတွေ့ရတော့ ရေးတဲ့သူက စျေးတက်ချင်သူက တက်ချင်သလို ကျချင်သူက ကျချင်သလို ရေးကြတယ်လို့မြင်တယ်။ ကော်မတီက တင်သွင်းခွင့်ပေးတဲ့ဌာနမဟုတ်ဘူး။ တင်သွင်းခွင့်ပေးတာက စီးပွားကူးသန်းကပေးတာ။ တင်သွင်းခွင့်ပေးထားတဲ့ အမယ်တွေအတွက် နိုင်ငံခြားငွေရောင်းပေးဖို့ကိုပဲ ကော်မတီက စိစစ်ပြီး ခွင့်ပြုတာ ။ တင်သွင်းခွင့်ပြုတယ် မပြုတဲ့အဖွဲ့မဟုတ်ဘူး။အဲဒီတော့ လိုင်းပေါ်ရေးနေတာ ပေါပေါလောလောလို့ပဲထင်တယ်။ ကိုယ်လိုရာကိုယ်ဆွဲရေးနေကြတာလို့ ပြောချင်တယ်။ ကားစျေးတက်ချင်သူက လည်းတက်ဖို့ရေးတယ်။ ကားစျေးကျချင်သူကလည်း အရည်ကြိုတွေက စက္ကူဖြစ်သွားပြီ ။ဘာမှသုံးလို့မရတော့ဘူးရေးတယ်။ အရည်ကြိုစနစ်နဲ့တင်သွင်းတာတွေကို ဒီအပတ်ထဲမှာမပါသေးတာတွေက ကားစျေးတက်တာကိုတော့ တိုက်ရိုက်အချိုးမကျဘူး။ " လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ် ။
ဒါပေမယ့် အပတ်စဥ် နိုင်ငံခြားငွေ ခွင့်ပြုပေးတဲ့နေရာမှာတော့ အရေးကြီးကုန်စည်ရှိလာပါက အဲဒီအခြေအနေပေါ်လိုက်ပြီး သိပ်မလိုအပ်တဲ့ ကိစ္စတွေကို ကော်မတီက ယာယီဖြုတ်ချတတ်တယ်လို့ သိရပါတယ်။
" ကော်မတီကတော့ သူ့အပတ်စဥ်တွေမှာ အရင်ထဲကလည်း အရေးကြီးကုန်စည်ပါလာရင် ကားတို့ဘာတို့ဖြုတ်ချလိုက်တယ်။တခါတလေကျ ဓာတ်မြေဩဇာကို ဖြုတ်တယ်။ ဆေးဝါးအရေးကြီးတဲ့အချိန်ဆို ဆေးဝါးကိုသွင်းပြီး ကျန်တဲ့ဟာကို ဖြုတ်တယ်။ အလှည့်ကျသွားနေတာဆိုတော့ ကားအတွက်မလိုအပ်သေးတဲ့အရာဖြစ်လို့ ဒီတပတ်စဥ်မှာမထည့်တာကိုပဲ နောက်တပတ်စဥ်မှာထည့်ဖို့ မထည့်တာကိုပဲ
ကော်မတီက တင်သွင်းခွင့်ပိတ်လိုက်တယ်ဆိုပြီး ပြောတယ်လို့ယူဆတယ်။" လို့ သူက တဆက်တည်း ပြောပါတယ်။
အစိုးရဘက်က တရားဝင်စာမထုတ်ပေမယ့်လည်း ထွက်ပေါ်နေတဲ့ ကောလဟာလတွေကြောင့် ကားစျေးကွက်က ကြိုက်ရောင်း​ကြိုက်ဝယ် စျေးတန်း အမျိုးမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
အရည်ကြိုကားအပ်ပြီး စလစ်ရရှိထားသူတွေကလည်း.စိုးရိမ်နေကြသလို ကားစျေးကွက် အတက်ကြမ်းမှာကိုလည်း စိုးရိမ်နေကြပါတယ်။

image