လေးမျက်နှာမြို့နယ် ထိန်ငူရွာအနီးရှိ ရေကာတာ မြေသားအိကျမှုဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ ကျိုးပေါက်မှုကို ပြုပြင်နေဆဲအချိန်မှာ အဲဒီမြို့နယ်က ထိန်ငူရွာအနီးရှိ ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ် ၂၀/၀(+၂၀၀) နေရာမှာ ဒီကနေ့ စက်တင်ဘာ ၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က တာအိကျ လျောဆင်းမှု ဖြစ်ခဲ့တာကြောင့် သဲအိတ်ဖို့ခြင်း၊ ဝါးတုတ်ရိုက်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“ပေ ၃၀ လောက် အိကျသွားတာပါ။ တာကျိုးတာတော့ လုံးဝ မဟုတ်ပါဘူး။ ရေတိုက်စားပြီး အောက်က မြေသားအခြေမခိုင်ဘဲ အိကျလာတာမျိုးပါ။ ရေကလည်း သိပ်မများသေးပါဘူး။ ဟင်္သာတခရိုင်မီးသတ်နဲ့ ဆည်မြောင်းက တာဝန်ရှိသူတွေက ကြိုးစားပြီး ပြုပြင်ဖာထေးနေပါတယ်” လို့ လူမှုကူညီရေး လုပ်ဆောင်နေသူက ပြောပါတယ်။
လက်ရှိ တာတမံအိကျမှု ဖြစ်ပွားတဲ့နေရာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ကျိုးကျခဲ့တဲ့ မြစ်ကျိုးရွာအနီးက ငဝန်မြစ်ရေကာတာနဲ့ ၅ မိုင်ကျော်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။
ဇူလိုင်လကုန်ပိုင်းက ငဝန်မြစ်ရေကာတာ ကျိုးကျခဲ့မှုကြောင့် လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်တွေဘက်မှာပါ ရေကြီးနေပြီး ရေဘေးကြောင့် သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိလာပြီလို့ သိရပါတယ်။
လက်ရှိမှာ မြေသားအိကျလို့ ပြုပြင်နေရတဲ့ ထိန်ငူတာဟာ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ကျိုးကျခဲ့ဖူးပြီး လတ်တ‌လော ရေကြီးနေတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်အများအပြား ကာလရှည်ရေဘေး ကြုံတွေ့ခဲ့ရဖူးပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းအတွင်းက ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာရဲ့ ဧရာဝတီမြစ်ခွဲဘက်၊ တာမိုင် ၁၁/၅ နဲ့ ၁၁/၆ ကြားမှာလည်း မနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းက မြေသားအက်ကြောင်းထင်ကာ အိကျမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေသားတာ အက်တဲ့နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းအပြင် သံမဏိကြိုးတွေသုံးပြီး ရေစီး ထိန်းသိမ်းခြင်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ညောင်တုန်းကျွန်းတာဟာ ဧရာဝတီမြစ်ရေကို တားဆီးထားတဲ့ မြေသားတာဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် တာမိုင် ၁၁/၆ နဲ့ ၁၁/၇ ကြားမှာ မြေသားတာ ကမ်းပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဩဂုတ်လအတွင်းမှာပဲ ဧရာဝတီတိုင်းအတွင်း မြန်အောင်မြို့နယ်ထဲက ရေလဲလေး ရေကာတာ၊ မန်ကျည်းစုတာနဲ့ ဇလွန်မြို့နယ် ညောင်ပင်သာ ရေကာတာတွေမှာ ရေယိုစိမ့်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

image