အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းကို ဆိုက်ရောက်

အရှေ့အလယ်ပိုင်းတွင် ရက်ရှည်တပ်ဖြန့်ချထားမှု အပါအဝင် ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၀၀ ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘော အေဘရာဟမ်လင်းကန်းသည် စက်တင်ဘာလ ၂ ရက်နေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ လမ်ချာဘန်း သို့ ရောက်ရှိလာခဲ့သည်။
ရေတပ်သားနှင့် မရိန်းစစ်သည် ၅,၀၀၀ ခန့်လိုက်ပါလာသော လေယာဉ်တင်သင်္ဘောသည် ပင်လယ်ပြင်တွင် ရက်ရှည်ကြာ ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့သည့် ခေတ်သစ်စံချိန်ကို ရရှိခဲ့သည်။
ပုံမှန်အားဖြင့် ရေတပ်ဖြန့်ချထားမှုများသည် ခြောက်လမှ ကိုးလအထိ ကြာမြင့်လေ့ရှိသော်လည်း ပဋိပက္ခဖြစ်နေသည့် အချိန်များတွင်မူ တိုးမြှင့်နိုင်သည်။
အခြား ရေတပ်သင်္ဘောများနှင့်အတူ ရောက်ရှိလာသော လေယာဉ်တင်သင်္ဘောသည် အရှေ့တောင်အာရှတွင် အမေရိကန်ပြည်ထောင်စု၏ တစ်ခုတည်းသော စာချုပ်ဝင်မိတ်ဖက်ဖြစ်သည့် ထိုင်းနိုင်ငံတွင် ငါးရက်ကြာ အနားယူ အပန်းဖြေရန် ဆိုက်ကပ်ထားမည်ဖြစ်ကြောင်း ထိုင်းအရာရှိများက ပြောကြားခဲ့သည်။
စစ်ဘက်ဝန်ထမ်းထောင်ပေါင်းများစွာ ရောက်ရှိလာခြင်းသည် လိင်ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်သည့် အနီးအနားရှိ အပန်းဖြေမြို့ ပတ္တယားတွင် စီးပွားရေးတိုးတက်မှုအတွက် မျှော်လင့်ချက်များ မြင့်တက်ခဲ့သည်။
ဘတ်စ်ကား ၄၀ ခန့်သည် စစ်ဘက်ဝန်ထမ်းများကို ပတ္တယားနှင့် သင်္ဘောများဆိုက်ကပ်မည့် လမ်ချန်ဘန်းဆိပ်ကမ်းအကြား သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပတ္တယားမြို့တော်ဝန် ပေါ်ရာမက်စ် ငမ်ပီချေးစ်က ပြောကြားသည်။
ရေအားကစားအမျိုးမျိုး၊ ဂျက်စကီစီးခြင်း၊ ဘန်ဂျီခုန်ခြင်း၊ နပန်းနှင့် လက်ဝှေ့ကဲ့သို့သော နေရာအချို့နှင့် လုပ်ဆောင်ချက်အချို့ကို စစ်ဘက်ဝန်ထမ်းများ ပါဝင်ခွင့်မရှိဟု သတ်မှတ်ထားကြောင်း ၎င်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

image