မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လှည်းကူးမြို့နယ် အနိမ့်ပိုင်းနှင့် လမ်းပိုင်းအချို့ ရေနစ်မြုပ်၊ စိုးရိမ်ရသည့် အနေအထား မရှိသေးဟုဆို
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုနှင့် ငမိုးရိပ်ချောင်းရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရှိ လူနေအိမ်အချို့နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်း၏ လမ်းပိုင်းအချို့တွင် ရေစတင်ဝင်ရောက် နစ်မြုပ်နေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦး၏ ပြောကြားချက်အရ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ရေဝင်ရောက်ခြင်းဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ဖွယ်ရာအခြေအနေမရှိသေးသော်လည်း ရေထပ်မံမြင့်တက်လာပါက အခက်အခဲများ ရှိလာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကူညီကယ်ဆယ်ရေးနှင့် စုပေါင်းရွှေ့ပြောင်းရသည့် အခြေအနေသို့ မရောက်ရှိသေးဘဲ ရှေ့ဆက်ဖြစ်ပေါ်လာမည့် မိုးလေဝသ အခြေအနေပေါ်တွင် အဓိက မူတည်နေကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၏ အနိမ့်ပိုင်း လမ်းမအချို့ပေါ်သို့ ရေတင်မှုများရှိနေသည့်အတွက် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များအနေဖြင့် သတိထား မောင်းနှင်နေကြရန်လည်း မြို့ခံများက တိုက်တွန်းထားသည်။