MFF က လူငယ်ကစားသမားများ ဖော်ထုတ်ရန် Regional Training Center ၈ ခုအထိ တိုးချဲ့ဖွင့်လှစ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ပူးပေါင်း၍ အရည်အချင်းရှိသည့် လူငယ်ဘောလုံးကစားသမားများ ပေါ်ထွက်လာစေရန် FIFA/MFF Regional Training Center ဒေသအလိုက် လေ့ကျင့်ရေးစင်တာများကို စုစုပေါင်း ၈ ခုအထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ရေးစင်တာ အစီအစဉ်ကို ပြီးခဲ့သည့်နှစ်မှ စတင်ကာ မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် ပဲခူးနှင့် ဘားအံတို့ကို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်။
ယခုနှစ်အတွက် Regional Training Center များတွင် လေ့ကျင့်သင်ကြားပေးမည့် အသက် ၁၄ နှစ်အောက် အမျိုးသားနှင့် အမျိုးသမီး လူငယ်ကစားသမား ရွေးချယ်ပွဲများကို ကျင်းပလျက်ရှိပြီး ရွေးချယ်ခံရသည့် ကစားသမားများကို သက်ဆိုင်ရာ ဒေသအလိုက် လေ့ကျင့်ရေးစင်တာများတွင် စနစ်တကျ လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
လက်ရှိတွင် ရွေးချယ်ခံရသူ အများစု၏ စာရင်းကို ထုတ်ပြန်ထားပြီး မန္တလေး (အမျိုးသား)၊ ကချင် (အမျိုးသမီး) နှင့် မွန် (အမျိုးသမီး) ရွေးချယ်ပွဲများမှာ ဆက်လက်ကျင်းပနေဆဲဖြစ်ရာ ပြီးစီးပါက အချောသတ်စာရင်းများ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း MFF မှ သိရသည်။

image