မော်လမြိုင်က ကိုကိုညီညီဆိုင် ဓားပြတိုက်မှုနဲ့ပတ်သက်လို့ ကျူးလွန်သူအားလုံးဖမ်းမိ
မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းက ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ ခြောက်ယောက်ကို ရွှေထည်ပစ္စည်းတွေ နဲ့အတူ ဖမ်းဆီးရမိထားတယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ကျူးလွန်သူခြောက်ယောက်မှာ ဒေါ်စန်းစန်းအေး နဲ့ အထွန်းချေ၊ စောတင်ရဲအောင်၊ စောဖိုးကျော်၊
မင်းထက်သာ နဲ့ မင်းကို တို့ဖြစ်ပြီး အဲဒီထဲက ဒေါ်စန်းစန်းအေးဟာ ဓားပြတိုက်ဖို့အတွက် ခိုင်းစေညွှန်ကြားခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်စန်းစန်းအေးဟာ ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဇနီးရဲ့ မိတ်ဆွေရင်းတယောက်ဖြစ်ပြီး ငွေလိုအပ်တဲ့အတွက် ပိုင်ရှင်လင်မယား ခရီးသွားချိန်မှာ လူငှားရမ်းပြီး ဓားပြတိုက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
" ဒေါ်စန်းစန်းအေးကို ဓားပြတိုက်မှုဖြစ်တဲ့နေ့မှာပဲ ဖမ်းဆီးခဲ့တာ။ သူ့ရဲ့ထွက်ဆိုချက်အရ ကျန်တဲ့သူတွေကို ကျိုက်မရောဘက်မှာ ဖမ်းမိခဲ့တယ်။သူက ဓားပြတိုက်ခံရတဲ့ဆိုင်ပိုင်ရှင်နဲ့က အတွင်းသိအဆင်းသိ မိတ်ဆွေတွေ ပါ။မီးခံသေတ္တာထဲမှာ ရွှေတုံးတွေရှိတာလည်းသိတယ်။ သူ့ အိမ်က အကြွေးနဲ့ပေါင်ထားရသလို ချေးငွေတွေကလည်းရှိနေတော့ ဆိုင်ပိုင်ရှင်တွေ ရန်ကုန်ကိုသွားချိန် လူငှားပြီး ဓားပြတိုက်ခိုင်းတာ။ ဓားပြတိုက်တဲ့အချိန် ဒေါ်စန်းစန်းအေးက ကားပေါ်ကျန်ခဲ့တာ ။ မီးခံသေတ္တာရတော့ ကျိုက်မရောဘက်ကို တခါတည်းပြေးကြတာ။ပြီးတော့သူတို့ချင်း အဆင်မပြေဖြစ်ပြီး ဒေါ်စန်းအေးက သူ့အိမ်သူပြန်လာတာ ။ အဲဒီမှာပဲ ရဲတပ်ဖွဲ့က သူ့ကိုဖမ်းမိတာ။ " လို့ ရဲတပ်ဖွဲ့ နဲ့နီးစပ်သူက ပြောပါတယ်။
ဓားပြတိုက်မှုက ဩဂုတ် ၂၈ ရက်နေ့မနက် ၄ နာရီလောက်မှာဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဖြစ်စဥ်က မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသားသုံးယောက်ဟာ ကားနှစ်စီးနဲ့ရောက်လာပြီး ကိုကိုညီညီဆိုင်ဘေးက ဆောက်လက်စတိုက်ကတဆင့် ဝင်ရောက်ပြီး သေနတ်အတိုသုံးလက်နဲ့ ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓားပြတိုက်မှုမှာ စာရွက်စာတမ်းတွေအပြင် ရွှေ ၁၀ ကျပ်သားအပိုင်း ၄၀ ၊ ရွှေဆွဲကြိုး MC ပုံစံ ၁၀ ကျပ်သားတကုံး၊ရွှေဆွဲကြိုးပုံစံမျိုးစံမျိုးစုံ ငါး ကျပ်သားငါး ကုံး၊ စိန်လက်စွပ် နှစ်ကွင်း၊ စိန်ဆွဲကြိုးတကုံး၊ စိန်လက်ကောက် နှစ် ကွင်း၊ စိန်လက်စွပ်ငါး ကွင်း၊ ပလက်တီနမ်ဆွဲကြိုးနှစ်ကုံး၊ ရွှေလော့ကပ်သီး နှစ်ခု၊ ရွှေဆွဲကြိုး တကျပ်သားနှစ် ကုံး၊ ရွှေလက်ကောက် ၁၀ ကျပ်သားတကွင်းနဲ့အတူ အပေါင်ခံထားတဲ့ ရွှေဆွဲကြိုးနှစ် ကုံး၊ရွှေလက် ကောက်နှစ်ကွင်း ၊စိန်လက်စွပ်ကွင်း ၊ ငွေသား သိန်း ၅၀ အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၅၀၈၅၀ ပါသွားတယ်လို့သိရပါတယ်။
လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို စစ်ကဲကုန်းနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် အရေးယူထား ပါတယ် ။