လိုင်လီမှ ဖာနန်ဒက်ဇ်ပါဒိုကို ပေါင် ၅၁ သန်းဖြင့် နယူးကာဆယ် ခေါ်ယူလာ
နယူးကာဆယ်ဟာ လိုင်လီမှ တိုက်စစ်သမားမာတီးယပ်စ်ဖာနန်ဒက်ဇ်ပါဒိုကို ပေါင် ၅၁.၄ သန်းဖြင့် ခေါ်ယူလာပါတယ်။
ဖာနန်ဒက်ဇ်ပါဒိုဟာ တနင်္လာနေ့တုန်းက တိုင်နီဆိုက်သို့ ရောက်လာပြီးနောက် ဆေးစစ်ဆေးမှုခံယူကာ နယူးကာဆယ်သို့ နှစ်ရှည်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။
ဖာနန်ဒက်ဇ်ပါဒိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပီအက်စ်ဂျီနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် လိုင်လီလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပြီး အနာဂတ် ရှင်းရှင်းလင်းလင်း မဖြစ်မီအထိ ပထမအသင်းနှင့် လေ့ကျင့်ခန်းဆင်းခွင့်ပိတ်ပင်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ယခင်နည်းပြအက်ဒီဟောင်းကာလကတည်းက ဖာနန်ဒက်ဇ်ပါဒိုကို ခေါ်ယူရေး ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။
ဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေး ၂၁ ကြိမ် ဖန်တီးကာ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် သေချာပေါက်ဂိုးရနိုင်တဲ့အခွင့်အရေး ဖန်တီးမှုအများဆုံး ဒတိယကစားသမားအဖြစ် ရပ်တည်ခဲ့သလို ပြိုင်ဘက်ဘောလုံးဧရိယာတွင် ဘောလုံးထိမှု ၁၈၄ ကြိမ်ဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ ၇ ဂိုးသွင်းကာ ၁၃ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ တိုက်စစ်တွင် နေရာစုံ လိုက်ကစားနိုင်မှုနှင့်အတူ နယူးကာဆယ်နည်းပြဂျိုင်ဆယ်လ်အကြိုက်တွေ့တဲ့ ကစားသမားမျိုးလည်း ဖြစ်နေပါတယ်။