အတ္ထရံမြစ်ရေ ဆက်လက် မြင့်တက်နေပြီး ကျိုက်မရောမှာ လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေ အပါအဝင် ကျေးရွာအများအပြား ရေဝင်ရောက်နေပြီး လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရေကြီးလာတာဖြစ်ကာ ၁၀ ရက်ကြာတဲ့အထိ မြစ်ရေ ကျဆင်းခြင်းမရှိဘဲ ဆက်တိုးနေတာကြောင့် အိမ်ခြေ ၆၆၃၃ လုံးဝန်းကျင် ရေဝင်နေပြီး အိမ်ထောင်စု ၆၆၉၇ စု၊ လူဦးရေ သုံးသောင်းနှစ်ထောင်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
“ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်တွေကတော့ တော်တော်များများ ရေမြုပ်ကုန်ပြီ။ လှေနဲ့ပဲ သွားလာနေရတယ်။ ကျိုက်မရောမြို့အဝင်ဆို ရေအမြင့်က ခါးစောင်းလောက်ရှိတယ်။ ကမ်းနားဘက်အခြမ်းကတော့ သွားလို့ မရတော့ဘူး၊ လူတရပ် မြုပ်တသွားပြီ။ ဘုရားကုန်း တကုန်းပဲလွတ်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ကျိုက်မရောမြို့ပေါ်ရှိ ရှင်စောပုနဲ့ ရန်မျိုးအောင်ရပ်ကွက်တွေအပြင် ကလိုင်ကနိုင်၊ ကျိုက်ပရန်၊ ကျုံဝမ်း၊ ခရုံ၊ ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ ဦးလေး၊ နိတုံ၊ ကွမ်းငန်၊ အတ္တရံ၊ ပေါလောကုန်း၊ လှာကဇိုင်း၊ ကော့ကလော့၊ ပိန္နဲကုန်း၊ ကော့ဗွီး အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှာ ရေကြီးနေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့် ပြည်သူတွေအတွက် မြို့ပေါ်ရှိ ဆိုင်ကလုန်းစင်တာ၊ အမှတ် (၃) ကျောင်းနဲ့ ရသေ့ကျောင်း (ဘုန်းတော်ကြီးကျောင်း) တို့မှာ ရေဘေးရှောင်စခန်း သုံးခု ဖွင့်ထားပြီး ကူညီ ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
မြို့ပေါ်က ကယ်ဆယ်ရေး စခန်းတွေအပြင် ချောင်းနှစ်ခွ၊ ဦးလေး၊ အတ္ထရံ၊ ရေပူစကော့စပ်၊ လှာကဇိုင်း၊ ငပြေမ အစရှိတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်း၊ နေအိမ်တချို့မှာ ယာယီရွှေ့ပြောင်း နေထိုင်ကြသူတွေလည်းရှိပြီး ရေကြီးမှုကြောင့် အခြေခံပညာ စာသင်ကျောင်း ၃၇ ကျောင်းဝန်းကျင်ကိုလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့ကလည်း ကျိုက်မရောမြို့ ကျောက်တောင်တောရကျောင်းမှ သက်တော် ၆၈ နှစ်အရွယ် ရဟန်းတပါး ရေနစ်မြုပ်မှုကြောင့် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။