ကွမ်းခြံကုန်းနှင့် ဒလမြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရေး ယနေ့ ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းခြံကုန်းနှင့် ဒလမြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရေးအပါအဝင် ကြယ်ပွင့်ပြမေးခွန်း ၂၀ ကျော်ကို ယနေ့ ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့၌ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဒေါ်စန္ဒာဝင်းက ကွမ်းခြံကုန်းမြို့နယ်အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေးနှင့် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးသန်းဦးက ဒလမြို့နယ်အတွင်း ဆိုင်ကယ်များ စီးနင်းခွင့်ပြုပေးရေးတို့ကို ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းသွားမည်ဖြစ်သည်။
ထို့ပြင် ကျောက်တံတား၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ သန်လျင်၊ တောင်ဥက္ကလာပ၊ သာကေတ၊ ကမာရွတ်၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ လှည်းကူး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်နှင့် အလုံမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များက ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။