ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၂၃/၅ တွင် ပေ ၅၀၀ ခန့် ရေကျော်နေ၊ အရှိန်လျှော့မောင်းနှင်ရန် သတိပေး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၃/၅ တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပေါ်သို့ အလျားပေ ၅၀၀ ခန့် ရေကျော်လျက်ရှိသဖြင့် ယာဉ်မောင်းများ အရှိန်လျှော့၍ သတိထားမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ယနေ့ (ဩဂုတ် ၃၁ ရက်) တွင် အထူးသတိပေးထားသည်။
အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၃/၄ နှင့် ၁၂၃/၆ ကြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်မှစတင်ကာ မိုင်တိုင်အမှတ် ၁၂၃/၅ နေရာ၌ လမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ဖြတ်၍ အမြန်လမ်းပေါ်သို့ အလျားပေ ၅၀၀ ခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သွားသည့်လမ်း၌ ယာဉ်များ ကောင်းမွန်စွာသွားလာနိုင်ပြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပြန်သည့်လမ်း၏ ညာဘက်အစွန်ယာဉ်ကြော၌ ရေအနက် ပျမ်းမျှ ၆ လက်မခန့် ကျန်ရှိနေကြောင်း အသိပေးထားသည်။
ထို့ကြောင့် ယင်းနေရာကို ဖြတ်သန်းမည့် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့၍ ဘယ်ဘက်ကပ်မောင်းနှင်ရန်၊ လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း လိုက်နာရန်နှင့် မိုင်တိုင် ၁၂၃/၅ သို့ မရောက်မီ ကြိုတင်အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားသည်။