သီပေါ၌ ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း ၁၇ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ပေးအပ်သည့် အခမ်းအနားကို ဩဂုတ် ၂၉ ရက်က ဆင်ကျော့နှင့် ဆောင်ကြဲ အ.ထ.က ကျောင်းများအပါအဝင် မူလွန်လခွဲနှင့် မူလတန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၊ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေ၊ သီပေါမြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်မာတို့ တက်ရောက်ခဲ့ကြသကဲ့သို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ စစ်ဦးစီးချုပ် စဝ်သျှံဖနှင့် အဖွဲ့ဝင်များ၊ ဝမ်ဟိုင်းပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ယခု ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးတာဝန်ရှိသူများ၊ SSPP/SSA အပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ ကျောင်းကော်မတီများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများကိုလည်း ပေးအပ်ခဲ့သည်။
နှစ်အတန်ကြာ ပညာသင်ကြားခွင့် အကန့်အသတ်များနှင့် ကြုံတွေ့ခဲ့ရသည့် ဒေသခံ ကလေးငယ်များအတွက် အဆိုပါ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းသည် ဒေသ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ ဒေသခံအဖွဲ့အစည်းများ၊ ဆရာ ဆရာမများနှင့် မြို့ခံပြည်သူများက အသီးသီး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။