လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုပိတ်သိမ်း ရေဘေးသင့်ခဲ့သူများ ၎င်းတို့၏နေအိမ်များတွင်ပြန်လည်နေထိုင်ကြပြီ
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်းလာသဖြင့် ယနေ့ သြဂုတ် ၃၀ ရက်နံနက်ပိုင်းက ကညင်သောင်အုပ်စု၊ နဂျီကုန်းဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကြီးဘုန်းတော်ကြီးကျောင်းတို့တွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုမှ ရေဘေးသင့်ခဲ့သူ(၁၃၄)ဦးသည် ကျေးရွာရှိ ၎င်းတို့၏ နေအိမ်များသို့ ယနေ့ နံနက်၌ပင် ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေများပြန်လည်ကျဆင်းသွားသည့် အမှတ်(၅) ရပ်ကွက်ရှိ အ.မ.က(မြစ်ကျိုး)ကျောင်းအား ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက နုန်းနှင့်အမှိုက်သရိုက်များရှင်းလင်းခြင်း၊ စာသင်ဆောင်များ အတွင်း/အပြင် ရေဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင်ရေစီးရေလာကောင်းမွန်ရေးတို့ကိုပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။