ရိုက်စ်နယ်ဆင်ကို အာဆင်နယ် စာချုပ်ဖျက်သိမ်းလာ
=======================

အာဆင်နယ်ဟာ တောင်ပံတိုက်စစ်သမားရိုက်စ်နယ်ဆင်နှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမှု ပြုလုပ်လာပါတယ်။
အသက် ၂၆ နှစ်ရှိ တောင်ပံကစားသမားဟာ အာဆင်နယ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ယခုအခါ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အခြားကလပ်တစ်ခုသို့ ပြောင်းရွှေ့လာနိုင်ပြီ ဖြစ်ပါတယ်။
နယ်ဆင်ဟာ ကစားသမားဘဝ အကောင်းဆုံးအသက်အရွယ် ရောက်လာချိန်တွင် အာတီတာလက်အောက်မှာ ပုံမှန်ကစားခွင့် ရရှိရေး ရုန်းကန်နေရမှုနှင့်အတူ ၁၂ လ ကျန်စာချုပ်အား နှစ်ဦးသဘောတူဖျက်သိမ်းလာတာပါ။
နယ်ဆင်ဟာ အာဆင်နယ်နှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် ဝက်စ်ဟမ်းအပါအဝင် အခြားကလပ်များသို့ ပြောင်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။
နယ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရန့်ဖို့ဒ်သို့ အငှားဖြင့် သွားရောက်ကစားခဲ့ရသူ ဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲအရပ်ရပ်တွင် ၁၃ ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။ ယင်းမတိုင်မီ သူဟာ ဖူလ်ဟမ်သို့ အငှားဖြင့် သွားကစားစဉ်တုန်းကလည်း ပုခုံးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပါတယ်။
သူဟာ အာဆင်နယ်အကယ်ဒမီမှတုန်းက အလားအလာအကောင်းဆုံးပါရမီရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။ ယင်းနောက် သူဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ကွန်မြူနတီဒိုင်းပွဲအတွက် အာဆင်နယ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပါတယ်။
ဟော်ဖန်ဟိမ်း၊ ဖီယင်နုသို့လည်း အငှားဖြင့် သွားကစားခဲ့ဖူးတဲ့ နယ်ဆင်ဟာ အာဆင်နယ်အတွက် စစုပေါင်း ပွဲ ၉၀ ကစားခဲ့ရာမှာ ၈ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

image