အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ ဗီယက်နမ် နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး ဆုကြေးဒေါ်လာ ၆၂၀၀၀၀ အထိရရှိ
၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ ဗီယက်နမ်အသင်း နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆုကြေးအပါအဝင် စုစုပေါင်း ဆုကြေးဒေါ်လာ ၆၂၀၀၀၀ အထိရရှိခဲ့ပါတယ်။
၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့အဖြစ် သြဂုတ် ၂၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီယက်နမ်အသင်းက (၂-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ သြဂုတ် ၂၆ ရက်က ဒုတိယအကျော့အဖြစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဗီယက်နမ်အသင်းနဲ့ ထိုင်းအသင်းတို့ ထပ်မံယှဉ်ပြိုင်ကစားခဲ့ရာ (၂-၂) ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါကြောင့် ဗီယက်နမ်အသင်းက နှစ်ကျော့ပေါင်းရလဒ် (၄-၂)ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရပြီး နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)ဟာ ပြိုင်ပွဲအပြီးမှာ ချန်ပီယံဆုရ ဗီယက်နမ်အသင်းကို ဆုကြေးဒေါ် လာ ၅၀၀၀၀၀ နဲ့ ပြိုင်ပွဲဝင်ကြေး ဒေါ်လာ ၁၂၀၀၀၀၊ ပေါင်း ဒေါ်လာ ၆၂၀၀၀၀၊ ဒုတိယရ ထိုင်းအသင်းကို ဆုကြေးဒေါ်လာ ၃၀၀၀၀၀ နဲ့ ပြိုင်ပွဲဝင်ကြေး ဒေါ်လာ ၁၂၀၀၀၀၊ ပေါင်း ဒေါ်လာ ၄၂၀၀၀၀၊ ဆီမီးရှုံးနှစ်သင်းကို ဆုကြေးဒေါ်လာ ၁၀၀၀၀၀ နဲ့ ပြိုင်ပွဲဝင်ကြေး ဒေါ်လာ ၁၂၀၀၀၀၊ ပေါင်း ဒေါ်လာ ၂၂၀၀၀၀၊ အုပ်စုအဆင့်အသင်းတိုင်းကို ဒေါ်လာ ၁၂၀၀၀၀ ပေးအပ်ခဲ့ပါတယ်။