အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ပေါင်(၇.၅)သန်းနဲ့ ခေါ်ယူဖို့ ချယ်လ်ဆီး သဘောတူညီမှုရရှိ
ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ပေါင်(၇.၅)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက မာတီနက်ဇ်ကို (၂)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဖူလ်ဟမ်နဲ့ပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို စိန်ခေါ်နိုင်မယ့်ဂိုးသမား ခေါ်ယူအားဖြည့်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် မာတီနက်ဇ်ကို ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)ကလည်း အက်စတွန်ဗီလာအသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေပေမဲ့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။
ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဂျူဗင်တပ်စ်အသင်းက လက်လျှော့သွားခဲ့တာပါ။
မာတီနက်ဇ်က အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်တာကြောင့် လန်ဒန်ထိပ်သီးနှစ်သင်းမှာ ကစားခွင့်ရတဲ့ဂိုးသမား ဖြစ်လာတော့မှာပါ။