ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင်ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များကို MOFA ပြည်ထောင်စုဝန်ကြီးဖိတ်ခေါ်
ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင်ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဖိတ်ခေါ်ခဲ့သည်။
သြဂုတ် ၂၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung တို့ဦးဆောင်၍ နေပြည်တော်တွင်ပြုလုပ်သည့် မြန်မာ-ဗီ ယက်နမ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှ င်၏ (၁၀)ကြိမ်မြောက်အစည်းအဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၇ ခုနှစ်တွင် မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးထူထောင်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံသံတမန်သင်တန်းကျောင်းများကြား ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမည်ဟု ပြောသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်၍ နည်းပညာဆိုင်ရာပစ္စည်းများလာရောက်ထုတ်လုပ်ရန် ဖိတ်ခေါ်လိုသည်ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်ခ်မက်)အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်လျက်ရှိသကဲ့သို့ ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(စီအယ်လ်အမ်ဗွီ)အလှည့်ကျဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်လျက်ရှိရာ နှစ်နိုင်ငံကြား အဆိုပါဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမူဘောင်များအောက်မှလည်း နီးကပ်စွာပူးပေါင်းဆောင် ရွက်သွားမည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံကဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ဆက်ဆံရေးတိုးတက်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုများကို အပြုသဘောဆောင် ကြိုဆိုသည့် ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။