မန်စီးတီးကွင်းလယ်ကစားသမား နီကိုဂွန်ဇာလက်ဇ် နယူးကာဆယ်အသင်းကို ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့မယ်
မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား နီကိုဂွန်ဇာလက်ဇ်ဟာ နယူးကာဆယ်အသင်းကို ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဒီသတင်းကို နာမည်ကျော် ဗြိတိန်ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းကလည်း အတည်ပြုခဲ့ပြီး နယူူးကာဆယ်အသင်းက နီကိုဂွန်ဇာလက်ဇ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၄၈)သန်းနဲ့ Add-ons ကြေးပေါင်(၄)သန်း ပေးချေရမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
နယူးကာဆယ်အသင်းက အဓိကကွင်းလယ်ကစားသမားတွေဖြစ်တဲ့ တိုနာလီနဲ့ ဂီမာရေ့စ်တို့ကို ရောင်းထုတ်ခဲ့ရတာကြောင့် နီကိုဂွန်ဇာလက်ဇ်ကို ခေါ်ယူအစားထိုးဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
စပိန်ကွင်းလယ်ကစားသမား နီကိုဂွန်ဇာလက်ဇ်(၂၄ နှစ်)က ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါ်တိုကနေ မန်စီးတီးကို ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းအတွက် (၅၉)ပွဲကစားအပြီးမှာ လမ်းခွဲခဲ့ရတာပါ။
ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားနဲ့ ရိုင်ဒါစ်တို့ရဲ့နောက် ဒီနွေမှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ စတုတ္ထမြောက် စီနီယာကွင်းလယ်ကစားသမား ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
နယူးကာဆယ်အသင်းကတော့ တိုက်စစ်ပိုင်းကို ပံ့ပိုးပေးနိုင်မယ့် ကွင်းလယ်ကစားသမားတစ်ဦး ထပ်မံခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေကြောင်း သိရပါတယ်။